The network connection is lost.

Banner Image

ဂျူလီယန်အယ်လ်ဗာရက်ဇ်နဲ့ပတ်သက်တဲ့ ကောလာဟလတွေ ပိုမိုထွက်ပေါ်လာခြင်းကို တုံ့ပြန်လိုက်တဲ့ ဒီယေဂိုဆီမြွန်နီ

အက်သလက်တီကိုမက်ဒရစ်အသင်းက မျှော်လင့်ချက်တွေ အများကြီးထားခဲ့တဲ့ သူတို့ရဲ့ဘောလုံးရာသီကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ဗီလာရီးရဲလ်ကို ၅-၁ ဂိုးဖြင့် အပြတ်အသတ်ရှုံးနိမ့်ပြီး စိတ်ပျက်စရာကောင်းလောက်အောင် အဆုံးသတ်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အက်သလက်တီကိုမက်ဒရစ်က အမှတ်ပေးဇယားစတုတ္ထနေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ရာသီအစပိုင်း၊ မျှော်မှန်းထားခဲ့တဲ့ အခြေအနေနဲ့ မနီးစပ်ခဲ့ပါဘူး။

အက်သလက်တီကိုမက်ဒရစ်က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်နဲ့ ကိုပါဒယ်လ်ရေးဖလားဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့လို့ အောင်မြင်တဲ့ဘောလုံးရာသီတစ်ခု ဖြစ်လာဖို့ နီးစပ်ခဲ့ပေမဲ့ ပြိုင်ပွဲနှစ်ခုလုံးမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။ အခုလို အမှတ်ပေးဇယားစတုတ္ထနေရာနဲ့အဆုံးသတ်ရမှုက သူတို့ရဲ့ကြိုးပမ်းမှုတွေမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတာကို ပြသပေးနေပါတယ်။ Sport သတင်းဌာနနဲ့တွေ့ဆုံချိန် နည်းပြဆီမြွန်နီက ဗီလာရီးရဲလ်နဲ့ပွဲစဉ် ရှုံးနိမ့်မှုအပေါ် တုံ့ပြန်ပြောဆိုခဲ့သလို ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမတိုင်ခင် အသင်းအတွက် ဘယ်လိုပုံစံမျိုးနဲ့ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ရမလဲဆိုတာပါ ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပါတယ်။

"ကျွန်တော်တို့ အဆင့်-၃ နေရာမှာ အဆုံးသတ်နိုင်ဖို့ တကယ်ကို စိတ်အားထက်သန်ခဲ့ပေမဲ့ ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာခဲ့ပါဘူး။ ဗီလာရီးရဲလ်က လာလီဂါတစ်ခုတည်းကိုပဲ အာရုံစိုက်ကစားရလို့ ပိုပြီး လွယ်ကူပါတယ်။ ကျွန်တော်တို့ကတော့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်နဲ့ ကိုပါဒယ်လ်ရေးဖလားဗိုလ်လုပွဲအထိ ရောက်ရှိအောင် ယှဉ်ပြိုင်ခဲ့ရပါတယ်" လို့ ၎င်းက ဆိုပါတယ်။

"ဒီရာသီမှာ ကျွန်တော်တို့ ဂိုးတွေအများကြီးပေးခဲ့ရတာက အသင်းအတွက် ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆင်းစေခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာတော့ ဂိုးတွေအများကြီးသွင်းနိုင်ခဲ့လို့သာ နောက်တစ်ဆင့်တွေကို တက်နိုင်ခဲ့တာပါ။ ဒါက ကျွန်တော်တို့အတွက် သတိပေးခေါင်းလောင်းသံပါပဲ။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်၊ ကိုပါဒယ်လ်ရေး ဗိုလ်လုပွဲနဲ့ အမှတ်ပေးဇယားထိပ်ဆုံးသုံးသင်းစာရင်းဝင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲဒီလို အောင်မြင်မှုတွေ ရချင်တယ်ဆိုရင် နောက်ရာသီအတွက် အခုထက်ပိုပြီး ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ပိုပြီး ပြင်ဆင်ရပါမယ်" လို့ ဆီမြွန်နီက ဆက်ပြောပါတယ်။

ဒါ့အပြင် အာဂျင်တီးနားတိုက်စစ်မှူးဂျူလီယန်အယ်လ်ဗာရက်ဇ်အတွက် အက်သလက်တီကိုမက်ဒရစ်ကစားသမားဘ၀ နောက်ဆုံးပွဲစဉ် ပြီးဆုံးသွားပြီလားဆိုတဲ့ မေးခွန်းကိုလည်း ဆီမြွန်နီက ဖြေကြားခဲ့ပါတယ်။ လတ်တလောမှာ အယ်လ်ဗာရက်ဇ်က အသင်းတာဝန်ရှိသူတွေကမ်းလှမ်းထားတဲ့ စာချုပ်သစ်ကို ငြင်းပယ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

"ဒါက ကျွန်တော့်ကိုမေးရမယ့် မေးခွန်းမဟုတ်ဘဲ အယ်လ်ဗာရက်ဇ်ကိုပဲ မေးရပါလိမ့်မယ်။ သူက ကိုယ်ဘာလုပ်ရမလဲဆိုတာကို ကိုယ်တိုင်သိနားလည်တဲ့ အရွယ်ရောက်နေပါပြီ။ သူ့ရဲ့ဆုံးဖြတ်ချက်ကို သူ ချမှတ်ပြီးသား ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ ဆီမြွန်နီက ဖြေကြားခဲ့ပါတယ်။