The network connection is lost.

Banner Image

ဘာစီလိုနာအနေနဲ့ ဟယ်ရီကိန်းကိုခေါ်ယူချင်ပေမယ့် ပိုက်ဆံမရှိလို့ အပြောင်းအရွှေ့ဖြစ်လာမှာမဟုတ်ကြောင်း ပြောကြားလိုက်တဲ့ ဟိုးနက်စ်

ဘိုင်ယန်မြူးနစ်အသင်း အမှုဆောင်အရာရှိဖြစ်သူ အူလီဟိုးနက်စ်က တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ဒီရာသီမှာ ဂျာမန်ထိပ်သီးကလပ်အတွက် ၅၁ ပွဲကစား၊ ၆၁ ဂိုးအထိ သွင်းယူပေးထားတဲ့ အံ့ဩစရာခြေစွမ်းကြောင့် ၎င်းအပေါ် အခြားအသင်းတွေရဲ့ စိတ်ဝင်စားမှုက ပြန်လည်မြင့်တက်လာနေတာပါ။ ၎င်းဟာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိပါတော့တယ်။

လက်ရှိမှာတော့ ဟယ်ရီကိန်းဟာ လာမယ့်နွေရာသီမှာ အမေရိကန်၊ ကနေဒါနဲ့ မက္ကစီကိုတို့မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို အောင်မြင်မှုရအောင် ဦးဆောင်နိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ ဒါပေမဲ့ အသင်းနဲ့ နှုတ်ဆက်လမ်းခွဲသွားပြီဖြစ်တဲ့ ရောဘတ် လီဝန်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ ဘာစီလိုနာအသင်းက သူ့ကို အပူတပြင်း အလိုရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဟယ်ရီကိန်းရဲ့ အနာဂတ်ကလည်း စိတ်ပူစရာ ဖြစ်နေပါတယ်။

အခုအခါမှာတော့ ဘာစီလိုနာဘက်က ကမ်းလှမ်းမှုလုပ်ဖို့ ကြိုးစားနေချိန်မှာပဲ ဟိုးနက်စ်က စပိန်ကလပ်ဟာ ငွေကြေးမရှိဘဲ မွဲတေနေတာပါလို့ ဆိုကာ အပြောင်းအရွှေ့သတင်းတွေကို အလေးမထားဘဲ ပယ်ချလိုက်ပါတယ်။ "ဟယ်ရီကိန်းဟာ ကျွန်တော်တို့အသင်း ခေါ်ယူခဲ့သမျှထဲမှာ အကောင်းဆုံး အပြောင်းအရွှေ့တစ်ခုပါပဲ" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။ ဟယ်ရီကိန်းက အသင်းမှာ ရေရှည်ဆက်ရှိနေမလားဆိုတဲ့ အတည်ပြုချက် မေးမြန်းမှုကိုတော့ "ဟုတ်ပါတယ်၊ ဘာစီလိုနာမှာက ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံမှ မရှိတာ" လို့ ဟိုးနက်စ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဂျာမန်ဖလား ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်က စတုဂတ်ကို အနိုင်ရပြီး လိဂ်နဲ့ ဖလား နှစ်လုံးရယူနိုင်ခဲ့တဲ့ပွဲမှာ ဟယ်ရီကိန်းက ဒုတိယပိုင်းမှာတင် ဟက်ထရစ်သွင်းယူပြီး သူ့ရဲ့တန်ဖိုးကို ထပ်မံသက်သေပြခဲ့ပြီးနောက် ဟိုးနက်စ်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီးရဲ့နေရာမှာ အစားထိုးဖို့အတွက် ချယ်လ်ဆီးက ဂျာအိုပက်ဒရို၊ အက်သလက်တီကို မက်ဒရစ်က ဂျူလီယန် အယ်လ်ဗာရက်ဇ်နဲ့ အင်္ဂလန်ခေါင်းဆောင် ဟယ်ရီကိန်းတို့ သုံးယောက်ကို စောင့်ကြည့်စာရင်းထဲ ထည့်သွင်းထားတာလည်း ဖြစ်ပါတယ်။