The network connection is lost.

Banner Image

ပွဲထွက်ကစားသမားအဖြစ် ၉ ပွဲသာ ပါဝင်ခဲ့တဲ့ ဒမ်ဘီလီ လီဂူးဝမ်း တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရရှိမှုအပေါ် ဝေဖန်မှုများထွက်ပေါ်

ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး အူစမန်နီဒမ်ဘီလီဟာ အသင်းကို (၁၄) ကြိမ်မြောက် ပြင်သစ်လိဂ်ချန်ပီယံဆုရရှိဖို့ နီးစပ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း တက်လှမ်းနိုင်အောင် ကူညီပေးခဲ့တာကြောင့် တနင်္လာနေ့မှာ ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ လီဂူးဝမ်း တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဒုတိယနှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒမ်ဘီလီဟာ ဒီဆုကို နှစ်နှစ်ဆက်တိုက် ရရှိခဲ့တဲ့ ၅ ယောက်မြောက် ကစားသမားဖြစ်လာခဲ့ပြီး သူ့အရင်ကတော့ ၂၀၁၄ ခုနှစ်မှာ ဇလက်တန် အီဘရာဟီမိုဗစ်က နောက်ဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။ ဒမ်ဘီလီဟာ ပြီးခဲ့တဲ့နှစ်က ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မသွားခင်အထိ ဒီဆုကို ငါးနှစ်ဆက်တိုက် ရရှိခဲ့တဲ့ ကိုင်လီယန်အမ်ဘာပေရဲ့နေရာမှာ အစားထဝင်ပြီး ဆုရရှိခဲ့သူလည်း ဖြစ်ပါတယ်။

"ဒါဟာ တစ်ဦးချင်းဆုတံဆိပ်တစ်ခု ဖြစ်ပေမဲ့ ကျွန်တော်ရရှိခဲ့တဲ့ တစ်ဦးချင်းဆုတွေအားလုံးဟာ အသင်းကြောင့် ရခဲ့တာပါ" လို့ ဒမ်ဘီလီက ပြောကြားခဲ့ပါတယ်။ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ရာသီဖြစ်ပေမဲ့လည်း ဒမ်ဘီလီကတော့ ဒီဂုဏ်ထူးဆောင်ဆုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ရာသီက ပွဲထွက်ကစားသမားအဖြစ် ၂၀ ပွဲ (မိနစ် ၁၇၃၆) ပါဝင်ခဲ့ပေမဲ့ ဒီရာသီမှာတော့ လီဂူးဝမ်းမှာ ၉ ပွဲ (မိနစ် ၉၆၀) သာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ကစားချိန်နည်းပါးခဲ့ပေမဲ့လည်း ဒမ်ဘီလီဟာ ၁၀ ဂိုးသွင်းပြီး ၆ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါဟာ ပြီးခဲ့တဲ့နှစ်က သူရရှိခဲ့တဲ့ ၂၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်ထက်တော့ လျော့နည်းနေပါသေးတယ်။

တနင်္ဂနွေနေ့က ဘရက်စ်အသင်းကို ၁-ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းဟာ ဒုတိယနေရာက လန်းစ်အသင်းကို ၆ မှတ်ဖြတ်ကာ လီဂူးဝမ်းချန်ပီယံဆုကို ထပ်မံရရှိဖို့ သေချာသလောက် ရှိနေပါပြီ။ လက်ကျန် ၂ ပွဲသာ လိုတော့တဲ့အချိန်မှာ လူးဝစ်င်းနရစ်ရဲ့အသင်းဟာ ဂိုးကွာခြားချက်မှာလည်း အပြတ်အသတ် သာလွန်နေပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ဒုတိယနေရာက လန်းစ်အသင်းနဲ့ပွဲမှာ ရှုံးနိမ့်ခြင်းမရှိဘူးဆိုရင်တော့ ပီအက်စ်ဂျီဟာ ၅ နှစ်ဆက်တိုက် ပြင်သစ်ချန်ပီယံအဖြစ် တရားဝင်သတ်မှတ်ခြင်းခံရမှာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ ၁၄ နှစ်အတွင်း ၁၂ ကြိမ်မြောက် ချန်ပီယံဆုကို ရယူနိုင်တာလည်း ဖြစ်ပါလိမ့်မယ်။

ပီအက်စ်ဂျီအသင်းဟာ ဆီမီးဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို နှစ်ပွဲပေါင်းရလဒ် ၆-၅ နဲ့ အနိုင်ရပြီးနောက် ဒီလနှောင်းပိုင်းမှာ အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက်လည်း ပြင်ဆင်နေပါတယ်။ အကောင်းဆုံးလူငယ်ကစားသမားဆုကိုတော့ ဒမ်ဘီလီရဲ့ အသင်းဖော် ဒီဆိုင်းယားဒိုးက ရရှိခဲ့ပြီး၊ လန်းစ်အသင်းကို ပီအက်စ်ဂျီကို တိုက်ရိုက်စိန်ခေါ်နိုင်တဲ့ အသင်းဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့တဲ့ ပီယာဆေ့ချ်ကတော့ အကောင်းဆုံးနည်းပြဆုကို ရရှိသွားခဲ့ပါတယ်။