လီဂူးဝမ်းချန်ပီယံဆုတွက် အသင်းကို ချီးကျူးလိုက်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အာရုံစိုက်နေတဲ့ ပီအက်စ်ဂျီ ဥက္ကဋ္ဌ
ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ နာဆာအယ်လ်ခလိုင်ဖီဟာ စံချိန်တင် လီဂူးဝမ်းဖလားကို ထပ်မံဆွတ်ခူးနိုင်ခဲ့တဲ့အတွက် အသင်းကို ချီးကျူးစကား ပြောကြားလိုက်ပါတယ်။
အောင်ပွဲအပြီး ထုတ်ပြန်ချက်မှာတော့ အယ်လ်ခလိုင်ဖီက ပီအက်စ်ဂျီရဲ့ အောင်မြင်မှုဟာ အားလုံးရဲ့ စုပေါင်းအားထုတ်မှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းပြိုင်ပွဲမှာ အခုလို ဆက်တိုက်လွှမ်းမိုးနိုင်အောင် ကြိုးစားခဲ့ကြတဲ့ ကစားသမားတွေ၊ နည်းပြအဖွဲ့နဲ့ ဝန်ထမ်းအားလုံးကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ သူတို့ရဲ့ လက်ရှိအဓိက အာရုံစိုက်ရမယ့်အရာက ဘူဒါပတ်စ်မြို့မှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ရဲ့ ၁၄ ကြိမ်မြောက် ပြင်သစ်ချန်ပီယံဆုအတွက် အရမ်းဂုဏ်ယူပါတယ်။ ဒါဟာ ၅ ကြိမ်ဆက်တိုက် ဗိုလ်စွဲတာဖြစ်သလို ကလပ်သမိုင်းမှာလည်း ပထမဆုံးအကြိမ်ပါပဲ" လို့ ရိုမာနိုဖာဘရီဇီယိုရဲ့ ဖော်ပြချက်အရ ၎င်းက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
"ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့တဲ့ ကစားသမားတွေ၊ လူးဝစ်အင်းနရီကေး၊ လူးဝစ်ကမ်းပို့စ်နဲ့ ဝန်ထမ်းအားလုံးကို ဂုဏ်ပြုပါတယ်။ ဒီအောင်မြင်မှုဟာ ကလပ်အသင်းမှာရှိတဲ့ လူတိုင်းရဲ့ စုပေါင်းအားထုတ်မှု ရလဒ်ဖြစ်သလို လူငယ်ကစားသမား ၅ ယောက်ကို ပွဲထွက်ကစားစေနိုင်ခဲ့တဲ့ ကျွန်တော်တို့ အကယ်ဒမီရဲ့ အင်အားကြောင့်လည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီမှာတော့ တကယ့်စတားဆိုတာ စုပေါင်းအားထုတ်မှုပါပဲ၊ ကျွန်တော်တို့သွားလေရာမှာ အမြဲရှိနေတဲ့ အံ့အားသင့်စရာကောင်းတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကလည်း အဓိကပါ။ အခုတော့ ဘူဒါပတ်စ်မှာရှိမယ့် နောက်ထပ်စိန်ခေါ်မှုအတွက် အပြည့်အဝ အာရုံစိုက်နေပါပြီ။ သမိုင်းသစ်တွေ အတူတူ ဆက်ရေးနိုင်ဖို့ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်" လို့လည်း ၎င်းက ဆိုပါတယ်။