The network connection is lost.

Banner Image

အီဒါဆင်ကို ခေါ်ယူဖို့ ယူနိုက်တက် အခွင့်အရေးရရှိ၊ ကစားသမားကိုယ်တိုင်ကလည်း အင်္ဂလန်မှာ ကစားဖို့ အိပ်မက်ရှိနေ

ကတ်စ်မဲရိုးရဲ့နေရာမှာ အစားထိုးမယ့် ကွင်းလယ်လူတစ်ယောက် ရှာဖွေဖို့က မန်ချက်စတာ ယူနိုက်တက်အတွက် အရေးကြီးဆုံး အလုပ်တစ်ခု ဖြစ်လာပါတယ်။

ကတ်စ်မဲရိုးဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းကျဆင်းသွားပြီး ကစားသမားဘဝ နိဂုံးချုပ်တော့မယ်လို့ ထင်ရပေမဲ့ အခုအခါမှာတော့ သူ့ရဲ့ ကမ္ဘာ့အဆင့်မီ အရည်အချင်းတွေကို ပြန်လည်ပြသနေပါတယ်။ အထူးသဖြင့် မိုက်ကယ် ကာရစ် လက်အောက်မှာ ပရီမီယံလိဂ် ဂိုးပါဝင်ပတ်သက်မှု ၁၁ ကြိမ်အထိ ရှိထားတာပါ။

ယူနိုက်တက် ခံစစ်ရှေ့က အကာအကွယ်တစ်ခု ဖြစ်ရုံတင်မကဘဲ တိုက်စစ်ပိုင်းမှာလည်း အဆုံးအဖြတ်ပေးနိုင်သူ ဖြစ်တာကြောင့် အသက် ၃၄ နှစ်အရွယ် ဘရာဇီးလ်သားကြီးဟာ အစားထိုးလို့မရတဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုထားပြီးဖြစ်လို့ ယူနိုက်တက်တို့အနေနဲ့ သူ့နေရာမှာ အစားထိုးဖို့ နည်းလမ်းရှာရတော့မှာ ဖြစ်ပြီး ဖြစ်နိုင်ခြေရှိတဲ့ ကစားသမား အတော်များများလည်း ရှိနေပါတယ်။

ပရီမီယံလိဂ်က အဲလိယက် အန်ဒါဆန်၊ အာဒမ် ဝေါ်တန်၊ ကားလို့စ် ဘလီဘာနဲ့ ဆန်ဒရို တိုနယ်လီတို့နဲ့ သတင်းတွေ ထွက်နေသလို အတ္တလန်တာအသင်းက အီဒါဆင်ကိုလည်း ယူနိုက်တက်က စောင့်ကြည့်နေပါတယ်။

Sky သတင်းထောက် Sacha Tavolieri ရဲ့ အဆိုအရ ယူနိုက်တက်ဟာ အီဒါဆင်ရဲ့ အခြေအနေကို "အနီးကပ် စောင့်ကြည့်နေတယ်" လို့ သိရပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ စီးရီးအေကလပ်တွေဆီက ပိုပြီး "အလေးအနက် စိတ်ဝင်စားမှု" တွေ ရှိနေတာပါ။

ယူနိုက်တက်အတွက် အားတက်စရာတစ်ခုကတော့ အီဒါဆင်ရဲ့ "အိပ်မက်" က ပရီမီယံလိဂ်မှာ ကစားဖို့ဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်တွေအတွင်းမှာပဲ ဘရာဇီးလ်သားရဲ့ ကိုယ်စားလှယ်တွေနဲ့ ယူနိုက်တက်တို့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

ဒီရာသီ ပြိုင်ပွဲစုံမှာ ၄၀ ပွဲအထိ ကစားပေးထားတဲ့ အီဒါဆင်ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာဖြစ်လို့ ယူနိုက်တက်အနေနဲ့ ဈေးနှုန်းအသင့်အတင့်နဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးလည်း ရှိနေပါတယ်။