ဂျုတ်ဘယ်လင်ဂမ်နဲ့ နောက်ထပ် ဒေါ့မွန်ကြယ်ပွင့် ၃ ယောက်ကို ယူနိုက်တက် စောင့်ကြည့်နေ
ဂျုတ်ဘယ်လင်ဂမ်ဟာ မန်ယူအသင်းက ကာလရှည်ကြာ စိတ်ဝင်စားနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး INEOS အဖွဲ့အနေနဲ့ ဒီနွေရာသီမှာ ဒီအင်္ဂလန်ကစားသမားလေးကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ပြန်လည်ရှိလာနိုင်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကွင်းလယ်ပိုင်းကို အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့ ရှိနေပြီး ကတ်စီမီရိုက အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာထားသလို မာနူရယ်လ်ယူဂါတေးကိုလည်း အသင်းကနေ ထွက်ခွာခွင့် ပေးထားပြီးသား ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကွင်းလယ်နေရာမှာ ကတ်စီမီရိုရဲ့နေရာကို အစားထိုးဖို့ အီဒါဆန်က ထိပ်တန်းပစ်မှတ်အဖြစ် ရှိနေပြီး သူ့အပြင် ပရီးမီးယားလိဂ်က ကားလို့စ်ဘလီဘာ၊ အီလီယက်အန်ဒါဆန်နဲ့ အာဒမ်ဝှာတန်တို့ကိုလည်း ခေါ်ယူမယ့်စာရင်းထဲ ထည့်သွင်းထားပါတယ်။ တစ်ဖက်မှာလည်း မန်ယူဟာ အသက် ၂၀ အရွယ် ဂျုတ်ဘယ်လင်ဂမ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက သဘောကျနေခဲ့တာဖြစ်ပြီး အခု အပြောင်းအရွှေ့ကာလ မတိုင်ခင်မှာ သူတို့ရဲ့ စောင့်ကြည့်စာရင်းထဲကို ပြန်ရောက်လာခဲ့ပါတယ်။
ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဆန်းဒါးလန်းကနေ ဒေါ့မွန်ကို ပေါင် ၃၀ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ TEAMtalk ရဲ့ ဖော်ပြချက်အရ မန်ယူတာဝန်ရှိသူတွေ ဒီရာသီမှာ သွားရောက်ကြည့်ရှုခဲ့တဲ့ ဒေါ့မွန်ကစားသမား ၄ ယောက်ထဲမှာ သူလည်း အပါအဝင်ဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ဒန်နီရယ်ဆဗန်ဆင်၊ နီကိုရှလော့တားဘက်ခ်နဲ့ ကာရင်အဒီယာမီတို့ပဲ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ဘယ်လင်ဂမ်ရဲ့ တိုးတက်လာတဲ့ ခြေစွမ်းတွေဟာ မန်ယူရဲ့ လူခေါ်ယူရေးအဖွဲ့ကြားထဲမှာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း မကြာခဏဆိုသလို ဆွေးနွေးစရာ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလိုသဘောကျနေတာကနေ ဒီနွေရာသီမှာ တကယ်ပဲ ကမ်းလှမ်းမှုတွေ ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပေမဲ့ ဒီတိုက်စစ်ကွင်းလယ်လူဟာ ဒေါ့မွန်ရဲ့ နောက်ဆုံးပွဲ ၂၀ မှာ ၁၈ ပွဲအထိ ပွဲထွက်ကစားခဲ့ပြီး နှစ်သစ်ကူးပြီးကတည်းက သူ့ရဲ့ခြေစွမ်းက လူတိုင်းကို တကယ်ပဲ အထင်ကြီးစေခဲ့ပါတယ်။