လီဗာပူးနဲ့ သတင်းထွက်နေမှုက သူ့အတွက် တွန်းအားတစ်ခုဖြစ်တယ်လို့ လိုက်ပ်ဇစ်ကြယ်ပွင့် ယန်ဒီယိုမန်ဒီ ဖွင့်ဟ
လိုက်ပ်ဇစ်အသင်းလူငယ်ကစားသမားယန်ဒီယိုမန်ဒီက ဥရောပတစ်လွှား၊ နာမည်ကျော်ကြားလာမှုနဲ့အတူ လီဗာပူးအသင်းနဲ့ အပြောင်းအရွှေ့သတင်းထွက်ပေါ်နေမှုကို ပိုမိုတိုးတက်လာအောင် လှုံ့ဆော်ပေးနိုင်တဲ့ တွန်းအားတစ်ခုလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အသက် ၁၉ နှစ်အရွယ်တောင်ပံကစားသမားလေးက ဘွန်ဒက်စ်လီဂါကစားသမားဘ၀အဖွင့်ဘောလုံးရာမှာတင် ခြေစွမ်းပြသနိုင်ခဲ့ပြီး ဥရောပရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးလူငယ်ကြယ်ပွင့်တွေအနက် တစ်ဦး ဖြစ်လာခဲ့ပါတယ်။
သတင်းတွေအရ အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားလေးကို အနီးကပ်စောင့်ကြည့်နေတဲ့ကလပ်အသင်းတွေအနက် လီဗာပူးအသင်းလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီလူငယ်ကစားသမားလေးကတော့ အခုလို လူအများအာရုံစိုက်ခံနေရမှုကို သူ့ရဲ့ခြေစွမ်းပိုမိုမြှင့်တင်နိုင်ဖို့အတွက် စိတ်ဓာတ်ခွန်အားတစ်ခုအဖြစ် အသုံးချဖို့ ဆုံးဖြတ်ထားပါတယ်။
"ကိုယ်နဲ့ပတ်သက်ပြီး အခုလိုသတင်းတွေထွက်လာရင် ပျော်ရွှင်ရသလို ပိုပြီးကြိုးစားချင်စိတ်လည်း ဖြစ်ပေါ်စေပါတယ်" လို့ ဒီယိုမန်ဒီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
"ဒါပေမဲ့ ကွင်းတွင်းကိစ္စကိုပဲ အာရုံစိုက်နိုင်ဖို့ အမြဲကြိုးစားနေလို့ ဒီလိုကိစ္စမျိုးတွေကို ကျွန်တော် အများကြီး မစဉ်းစားဖြစ်ပါဘူး။ ကျွန်တော့်ရဲ့အလုပ်က ဘောလုံးကစားဖို့ပဲလေ၊ ဒါကြောင့် ကွင်းပြင်ပကိစ္စအဝဝကိုတော့ ကျွန်တော့်ရဲ့အေးဂျင့်တွေကပဲ အကုန်လုံး စီစဉ်ဆောင်ရွက်ပေးသွားပါလိမ့်မယ်။ အခုလိုမျိုး ကလပ်အသင်းကြီးတွေက ကိုယ့်အကြောင်း ပြောနေကြတာကို မြင်ရတာက ကျွန်တော့်အတွက် တွန်းအားတွေ အများကြီးရရှိစေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ကျွန်တော်က ဘောလုံးကစားဖို့ကိုပဲ အာရုံစိုက်ထားပါတယ်" လို့ ၎င်းက ဆိုပါတယ်။
ဒီယိုမန်ဒီဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့၊ လီဂါနက်စ်မှ လိုက်ပ်ဇစ်ဆီ ယူရိုသန်း ၂၀ (ပေါင် ၁၇ သန်း)ဖြင့် ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိဘွန်ဒက်လီဂါကလပ်အသင်းအပေါ်မှာ အတော်လေး သံယောဇဉ်ကြီးမားနေပါတယ်။