ဘောလုံးလောကကနေ အနားယူဖို့ ပြောဆိုခဲ့တဲ့ ကာရေဂါရဲ့ ဝေဖန်မှုကို "ရိုင်းပျလွန်းတယ်" လို့ ကတ်စ်မဲရိုး တုံ့ပြန်
မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်ကစားသမား ကတ်စ်မဲရိုးက ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ မထွက်ခွာခင်မှာ သူ့ကို ထိပ်တန်းဘောလုံးလောကကနေ အနားယူသင့်ပြီလို့ ပြောခဲ့တဲ့ ဂျေမီကာရေဂါရဲ့ ပြောဆိုချက်ဟာ "ရိုင်းပျလွန်းတယ်" လို့ တုံ့ပြန်လိုက်ပါတယ်။
ပရီမီယာလိဂ်ကလပ် မန်ယူအသင်းမှာ ၄ နှစ်ကြာ ဖြတ်သန်းပြီးနောက်မှာတော့ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ကတ်စ်မဲရိုးဟာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေတာပါ။
အသင်းကနေ ထွက်ခွာဖို့ နီးစပ်လာချိန်မှာပဲ ကတ်စ်မဲရိုးက ၂၀၂၃-၂၄ ရာသီ ခက်ခဲတဲ့အချိန်တွေမှာ အထူးသဖြင့် ခရစ္စတယ်ပဲလေ့စ်ကို ၄ ဂိုး - ဂိုးမရှိနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါဆီကနေ ရရှိခဲ့တဲ့ ဝေဖန်မှုတွေကို အခုလိုပဲ ပြန်လည်ပြောဆိုခဲ့ပါတယ်။
"ဒါက ခင်ဗျားရဲ့ အမြင်ပါ။ ကျွန်တော် ခင်ဗျားအမြင်ကို လေးစားပါတယ်။ ဒါပေမဲ့ ဒါကို ကျွန်တော် မကြိုက်ဘူး၊ ဘာလို့လဲဆိုတော့ ဒါဟာ ရိုင်းပျလို့ပါ။ ကျွန်တော့်အပေါ်ကို လေးစားမှုမရှိဘဲ ရိုင်းပျတာပါ" လို့ ရီယိုဖာဒီနန်ရဲ့ YouTube ချန်နယ်မှာ ကတ်စ်မဲရိုးက ပြောကြားခဲ့ပါတယ်။
ဒီရာသီမှာ ပရီမီယာလိဂ်သွင်းဂိုး ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက်မှာတော့ သူ့အပေါ် ဝေဖန်နေကြသူတွေကို ပါးစပ်ပိတ်သွားအောင် လုပ်နိုင်ခဲ့ပြီလို့ သူက ယုံကြည်နေပါတယ်။
ကတ်စ်မဲရိုးဟာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာချိန်မှာ FA ဖလားနဲ့ ကာရာဘောင်းဖလားတွေကို ရယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ အောင်မြင်မှုများစွာရှိတဲ့ ဘောလုံးသမားဘဝ မှတ်တမ်းတွေထဲကို ဆုဖလားသစ်တွေ ထပ်တိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။