အာဆင်နယ်ပရိသတ်တွေ သဘောကျနှစ်ခြိုက်စေမယ့် ဖြစ်ရပ်အကြောင်း ပြောပြလာတဲ့ နာချိုမွန်ရီယဲလ်
အာဆင်နယ်နောက်ခံလူဟောင်းနာချိုမွန်ရီယဲလ်က စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြရင်း အာဆင်နယ်နည်းပြအာတီတာကို တစ်ချိန်မှာ ထိပ်တန်းနည်းပြတစ်ဦးဖြစ်လာမယ့်သူဆိုတာ ကြိုသိနေခဲ့တယ်လို့ ဆိုပါတယ်။
အာဆင်နယ်က အမ်းမရိတ်စ်ကွင်းမှာ အက်သလက်တီကိုမက်ဒရစ်ကို အနိုင်ယူပြီးနောက် ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဆာကာရဲ့ အဆုံးအဖြတ်သွင်းဂိုးနဲ့အတူ နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးဖြင့် ဂန်းနာတို့ အနိုင်ရရှိခဲ့ပါတယ်။ အခုတော့ အာတီတာရဲ့အသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီ သို့မဟုတ် ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်သွားရပါတော့မယ်။
အခုပွဲစဉ်မှာ ဆာကာက အသင်းဖော်တွေနည်းတူ ညာတောင်ပံမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သလို အာဆင်နယ်အသင်းကို အခုလိုအောင်မြင်မှုရဲ့အထွဋ်အထိပ်ဆီ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ အာတီတာကိုယ်တိုင်လည်း ချီးကျူးမှုတွေနဲ့ ထိုက်တန်နေပါတယ်။
အာဆင်နယ်နောက်ခံလူဟောင်းနာချိုမွန်ရီယဲလ်ကတော့ ပွဲစဉ်အပြီးမှာ အာတီတာကို ချီးကျူးခဲ့ပြီး အသင်းဖော်ဟောင်းကို ကစားသမားဘ၀မှာပင် နည်းပြလောကဆီရောက်ရှိဖို့ ကံပါလာသူတစ်ဦး ဖြစ်ကြောင်း ဖော်ပြနေတဲ့ အဖြစ်အပျက်လေးတစ်ခုကို ပြန်ပြောပြခဲ့ပါတယ်။
Amazon Prime ရဲ့ရုပ်သံအစီအစဉ်မှာ မွန်ရီယဲလ်က "တစ်ရက်မှာ အာတီတာက ညစာစားပွဲတစ်ခုလုပ်ခဲ့တာကို ကျွန်တော်မှတ်မိပါသေးတယ်။ ကာဇိုလာနဲ့ ကျွန်တော်က ချန်ပီယံလိဂ်ပွဲကြည့်ဖို့ သူ့အိမ်ဆီ သွားခဲ့ကြတာပေါ့။ သူ့အိမ်လည်းရောက်ရော အာတီတာက တီဗွီရှေ့မှာ ဘောပင်တစ်ချောင်း၊ မှတ်စုစာအုပ်တစ်အုပ်နဲ့ ထိုင်နေတယ်ဗျ။ ကျွန်တော်တို့လည်း 'မင်း ဘာတွေလုပ်နေတာလဲ' လို့ အံ့သြတကြီး မေးခဲ့ရတယ်" လို့ ဆိုပါတယ်။
အဲဒီအချိန်တုန်းကတော့ သူတို့တွေ မယုံနိုင်အောင်ဖြစ်ခဲ့ရပေမဲ့ အခုအချိန်မှာ အာဆင်နယ်နဲ့အတူ ဥရောပဘောလုံးလောကရဲ့ထိပ်တန်းအဆင့်ဆီ ရောက်ရှိလာတာကိုကြည့်ရင် အာတီတာရဲ့ကစားသမားဘ၀ကတည်းက ကြိုးစားအားထုတ်လေ့လာခဲ့မှုတွေက အကျိုးရှိခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။
မွန်ရီယဲလ်က ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အာဆင်နယ်မှာ အာတီတာနဲ့အတူ ၅၂ ပွဲ တွဲဖက်ကစားခဲ့ပါတယ်။