အက်သလက်တီကိုမက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာရမှုအတွက် ဝန်ခံစကားဆိုခဲ့တဲ့ ဆီမြွန်နီ
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရှုံးနိမ့်မှုအပြီး ပြိုင်ဘက်အာဆင်နယ်ကို အနိုင်ရရှိဖို့ထိုက်တန်တဲ့အသင်းလို့ ဒီယေဂို ဆီမြွန်နီက ဝန်ခံပြောကြားခဲ့ပါတယ်။
ပထမအကျော့၊ တစ်ဖက်တစ်ဂိုးစီသရေရလဒ်ကြောင့် စပိန်ကလပ်အသင်းက ရလဒ်ကောင်းတစ်ခု ဖော်ဆောင်ပြီး ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက်နဲ့ အမ်းမရိတ်စ်ကွင်းဆီ လာရောက်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
ဒါပေမဲ့ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ဆာကာရဲ့အဆုံးအဖြတ်ဂိုးကြောင့် အာတီတာရဲ့အာဆင်နယ်အသင်းကပဲ နောက်တစ်ဆင့်ဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
အခုလိုရှုံးနိမ့်ခဲ့မှုအတွက် စိတ်ပျက်မိပေမဲ့လည်း သူ့ရဲ့ကစားသမားတွေ အစွမ်းကုန်ကြိုးစားခဲ့လို့ ဂုဏ်ယူမိတယ်လို့ အာဂျင်တီးနားလူမျိုးနည်းပြက ပြောပါတယ်။
"ကျွန်တော်တို့ ပြိုင်ပွဲမှထွက်လိုက်ရတယ်ဆိုတာ ပြိုင်ဘက်အသင်းက နောက်တစ်ဆင့်တက်ဖို့အတွက် ထိုက်တန်လို့ပဲ ဖြစ်ပါတယ်"လို့ ပွဲစဉ်အပြီး ဆီမြွန်နီက Amazon Prime ကို ပြောကြားခဲ့ပါတယ်။
"သူတို့က ရရှိတဲ့အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့တယ်၊ အထူးသဖြင့် ပထမပိုင်းမှာရရှိတဲ့ အခွင့်အရေးကြီးကိုပေါ့။ ဒါကြောင့် သူတို့ နောက်တစ်ဆင့်တက်သွားတာတယ်ဆိုတာ ထိုက်တန်ပါတယ်။ ကျွန်တော့်ရဲ့ခံစားချက်ကို မေးမယ်ဆိုရင်တော့ ကျွန်တော် စိတ်အေးအေးထားနိုင်ပြီး တည်တည်ငြိမ်ငြိမ်ပါပဲ။ အသင်းကတော့ အစွမ်းကုန်ပေးဆပ်ကစားခဲ့ကြပါတယ်" လို့ ၎င်းက ဆိုပါတယ်။