ဝက်စ်ဟမ်း နောက်ခံလူ မာလစ်ဒီယုဖ်ကို ခေါ်ယူဖို့ ယူနိုက်တက်က အံ့အားသင့်ဖွယ် မျက်စိကျနေ
ဝက်စ်ဟမ်း နောက်ခံလူ မာလစ်ဒီယုဖ်ကို ခေါ်ယူဖို့ ယူနိုက်တက်အသင်းက အံ့အားသင့်ဖွယ် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီကမှ ဆလားဗီးယားပရဂ်အသင်းကနေ အရှေ့လန်ဒန်ကလပ် ဝက်စ်ဟမ်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားနေတဲ့ ဝက်စ်ဟမ်းအသင်းမှာတော့ အလားအလာရှိတဲ့ ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။ သည်ဂါးဒီယန်း သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ လုခ်ရှောအတွက် ပြိုင်ဘက်တစ်ဦး ရှိလာစေဖို့ ရည်ရွယ်ပြီး ဒီယုဖ်ကို သူတို့ရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ပေါင် ၁၀၄.၂ သန်းအထိ အရှုံးပေါ်ခဲ့တာကြောင့် အသင်းရဲ့ အဖိုးတန် ကစားသမားတချို့ကို ဒီနွေရာသီမှာ ရောင်းထုတ်ရနိုင်တယ်ဆိုတာကိုလည်း သဘောပေါက်ထားပုံ ရပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ရဲ့ ဦးစားပေးက ကွင်းလယ်လူတစ်ဦးကို ခေါ်ယူဖို့သာဖြစ်ပြီး ဒီယုဖ်ကို ခေါ်ယူမယ့် ကိစ္စကတော့ တခြား အပြောင်းအရွှေ့ ကိစ္စရပ်တွေအပေါ်မှာ မူတည်နေတယ်လို့လည်း အဆိုပါ သတင်းမှာ ဖော်ပြထားပါတယ်။