မက်ဆီဆိုတာ နောက်ထပ်တစ်ယောက် ထပ်မပေါ်လာနိုင်တော့တဲ့ ထူးခြားသူလို့ ဇာဗီချီးကျူး
ဘာစီလိုနာအသင်းရဲ့ နည်းပြဟောင်းနဲ့ ခေါင်းဆောင်ဟောင်းဖြစ်သူ ဇာဗီက လီယွန်နယ်မက်ဆီဟာ တစ်ဦးတည်းသာရှိမယ့်၊ နောက်ထပ်တစ်ယောက် ထပ်မရှိနိုင်တော့တဲ့သူမျိုးဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ရိုမာရီယိုရဲ့ YouTube ချန်နယ်မှာ စကားပြောဆိုစဉ်အတွင်းမှာ နောင်လာမယ့်နှစ်တွေမှာ မက်ဆီလိုမျိုး ‘မက်ဆီအသစ်’ တစ်ယောက် ပေါ်ထွက်လာနိုင်ပါ့မလားလို့ ဇာဗီကို မေးမြန်းခဲ့ပါတယ်။
ဇာဗီက “ကျွန်တော် မှားသွားဖို့ပဲ မျှော်လင့်ပါတယ်၊ ဘာလို့လဲဆိုတော့ မက်ဆီထက် ပိုတော်တဲ့သူတွေ ပေါ်လာတာကို မြင်ချင်လို့ပါ။ ဒါပေမဲ့ ဒါမျိုးဖြစ်လာမယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော် လီယိုနဲ့အတူ ၁၅ နှစ်ကြာအောင် နေ့တိုင်း အတူတူရှိခဲ့တာပါ။ သူက နည်းစနစ်၊ ရုပ်ပိုင်းဆိုင်ရာ၊ ဂိမ်းအပေါ် နားလည်မှု၊ ခေါင်းတိုက်တာ၊ အားမသန်တဲ့ခြေထောက်နဲ့ ကန်တာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ စတဲ့ အရာရာတိုင်းမှာ အကောင်းဆုံးဖြစ်ခဲ့သူပါ။ သူက အမြဲတမ်းအနိုင်ရလိုစိတ် ပြင်းထန်သူတစ်ယောက်ဖြစ်ပြီး ဘယ်သူမှ ယှဉ်လို့မရပါဘူး။
သူ့ဆီ ဘောလုံးပေးလိုက်တာနဲ့ သူက အရာရာကို ပိုကောင်းအောင် လုပ်ပေးနိုင်သလို အသင်းဖော်တွေကိုလည်း ပိုတော်လာအောင် လုပ်ပေးပါတယ်။ ကျွန်တော်ကတော့ ဘောလုံးပေးပို့သူတစ်ယောက်ပဲပေါ့။ သူက တခြားကမ္ဘာက လာသလိုပါပဲ၊ တကယ်လည်း ဟုတ်ပါတယ်၊ အခုလည်း သူက ကမ္ဘာ့ဖလားမှာ ကစားဦးမှာပဲလေ။ ဒါ့အပြင် သူက နှိမ့်ချတတ်ပြီး အလုပ်ကြိုးစားတယ်၊ စည်းကမ်းရှိတယ်၊ အရာရာကို အပြည့်အစုံဆုံးဖြစ်အောင် လုပ်ဆောင်တတ်တဲ့သူလည်း ဖြစ်ပါတယ်။
သူ့ကို အသက် ၁၆ နှစ်သားအရွယ်ကတည်းက ကျွန်တော် တွေ့ခဲ့တာပါ။ သူက တကယ့်ကို ပါရမီရှင်တစ်ယောက်ဖြစ်သလို စိတ်ထားကောင်းတဲ့သူ၊ လူကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကို ဘာစီလိုနာကို ပြန်လာစေဖို့ ကျွန်တော် ကြိုးစားခဲ့ပါသေးတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဥက္ကဋ္ဌက ငြင်းဆန်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။