The network connection is lost.

Banner Image

အက်သလက်တီကို တိုက်စစ်မှူး အယ်ဗာရက်ဇ် ဘာစီလိုနာကို ပြောင်းမယ်ဆိုတဲ့ ကောလာဟလတွေကို အေးဂျင့်ဖြစ်သူ ငြင်းဆို

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ဂျူလီယန် အယ်ဗာရက်ဇ်ရဲ့ အေးဂျင့်ဖြစ်သူက ဘာစီလိုနာအသင်းနဲ့ အဆက်အသွယ်ရှိနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ဂျုန်းလာပေါ်တာနဲ့ အားကစားဒါရိုက်တာ ဒီကိုတို့ကိုယ်တိုင်က အယ်ဗာရက်ဇ်ကို သဘောကျနှစ်သက်တယ်လို့ ဝန်ခံထားတာကြောင့် သူဟာ ဘာစီလိုနာရဲ့ ပစ်မှတ်ကစားသမားတစ်ဦး ဖြစ်နေတာတော့ အမှန်ပါပဲ။

အခုတစ်ပတ်အတွင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ အယ်ဗာရက်ဇ်ဟာ ဘာစီလိုနာမြို့မှာ နေထိုင်ဖို့ အိမ်ရာတွေ လိုက်ကြည့်ဖို့အတွက် သူ့ရဲ့ ညီအစ်ကိုနှစ်ယောက်ကို လွှတ်လိုက်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အေးဂျင့်ဖြစ်သူ ဖာနန်ဒို ဟီဒယ်လ်ဂိုက Mundo Deportivo သတင်းဌာနကို ပြောကြားရာမှာတော့ "ဒါဟာ ၁၀၀၀ ရာခိုင်နှုန်း လုံးဝ မဟုတ်ပါဘူး" လို့ ဆိုပါတယ်။

"သူ့မိသားစုထဲက ဘယ်သူမှ ဘာစီလိုနာကို မရောက်ကြပါဘူး။ နောက်ဆုံးအကြိမ် ရောက်ခဲ့တာကတော့ အက်သလက်တီကိုနဲ့ ကစားတဲ့ပွဲစဉ်တုန်းကဖြစ်ပြီး ပွဲပြီးတာနဲ့ နောက်တစ်နေ့မှာတင် မက်ဒရစ်ကို ချက်ချင်း ပြန်လာခဲ့ကြတာပါ" လို့ သူက ရှင်းပြခဲ့ပါတယ်။

အယ်ဗာရက်ဇ်နဲ့ အက်သလက်တီကိုအသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၃၀ ပြည့်နှစ်အထိ ရှိနေတာလည်း ဖြစ်ပါတယ်။