ဖိုဒန်အပေါ် ယုံကြည်မှု လျော့နည်းမသွားကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ အခိုင်အမာပြောဆို
မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ဖီးလ်ဖိုဒန်ဟာ မကြာခင်မှာ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေဆီ ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။
အင်္ဂလန်ကွင်းလယ်လူ ဖိုဒန်ဟာ မနေ့ကကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ FA ဖလား ဆီမီးဖိုင်နယ် အနိုင်ပွဲမှာ ပွဲချိန် ၅၈ မိနစ်မှာတင် လူစားလဲခြင်း ခံခဲ့ရတာပါ။
ပွဲအပြီးမှာ ဖိုဒန်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဂွါဒီယိုလာက "ဒါဟာ အချိန်အနည်းငယ်ပဲ လိုအပ်တဲ့ ကိစ္စပါ" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
"ပထမပိုင်းမှာ သူ့အတွက် ကစားရတာ မလွယ်ကူခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကွက်လပ်တွေထဲမှာပဲ ကစားနေတာဖြစ်သလို သူ့ရဲ့နေရာကိုလည်း ပြိုင်ဘက်က လူကပ်စောင့်နေခဲ့လို့ပါ။ နောက်ခံလူတစ်ယောက်အနေနဲ့ သူ့ဆီ ဘောလုံးရောက်အောင် ပေးဖို့ဆိုတာ မလွယ်ကူပါဘူး။ သူ ဘယ်အချိန်မှာ ခြေစွမ်းအမှန် ပြန်ရလာမလဲဆိုတာကတော့ အချိန်နဲ့ပဲ ဆိုင်ပါတယ်" လို့ ဂွါဒီယိုလာက ရှင်းပြခဲ့ပါတယ်။
ဖိုဒန်အပေါ်မှာ ယုံကြည်မှု ရှိပါသလားလို့ ထပ်မံမေးမြန်းရာမှာတော့ ဂွါဒီယိုလာက "သေချာပေါက် ရှိတာပေါ့" လို့ပဲ တိုတိုတုတ်တုတ် ပြန်လည်ဖြေကြားခဲ့ပါတယ်။