အိုနာနာကို ဆက်ထိန်းထားချင်တယ်လို့ ထရက်ဘ်ဇွန်စပေါ ဥက္ကဋ္ဌ ပြောကြား
ထရက်ဘ်ဇွန်စပေါအသင်း ဥက္ကဋ္ဌဖြစ်သူ အာတူဂရူးလ် ဒိုဂန်က သူတို့အသင်းအနေနဲ့ အန်ဒရေ အိုနာနာကို ဆက်လက်ထိန်းသိမ်းထားချင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက် ဂိုးသမားဟာ တူရကီကလပ်မှာ တစ်ရာသီအငှားနဲ့ လာရောက်ကစားနေတာဖြစ်ပြီး အပြီးသတ်ဝယ်ယူခွင့် အချက်အလက်တော့ စာချုပ်ထဲမှာ ပါဝင်မလာခဲ့ပါဘူး။
ဆမ်ဆန်စပေါအသင်းနဲ့ ကစားခဲ့တဲ့ တူရကီဖလား ကွာတားဖိုင်နယ် ပင်နယ်တီအဆုံးအဖြတ်မှာ အိုနာနာက ပင်နယ်တီ ၃ ကြိမ်အထိ ကာကွယ်ပေးနိုင်ခဲ့ပြီး အသင်းကို အနိုင်ရရှိအောင် ကူညီပေးခဲ့တာကြောင့် အခုအပတ်အတွင်းမှာ ထရက်ဘ်ဇွန်စပေါ ပရိသတ်တွေရဲ့ တခဲနက် ချီးကျူးဂုဏ်ပြုမှုကို ခံနေရတာ ဖြစ်ပါတယ်။
ဒိုဂန်က NTV Spor နဲ့ အင်တာဗျူးရာမှာ "အိုနာနာရဲ့ ကစားသမားဘဝ အောင်မြင်မှုကတော့ အားလုံးသိပြီးသား အခိုင်အမာရှိပြီးသားပါ။ ကျွန်တော်တို့ သူ့ကို သဘောကျပါတယ်။ ဒါကို အရင်ကလည်း ပြောဖူးပါတယ်။ သူက သူ့ကစားသမားဘဝအတွက် ခိုင်မာတဲ့ အစီအစဉ်တွေ ရှိထားပြီးသားပါ။ အခြေအနေတွေသာ အဆင်ပြေမယ်ဆိုရင်တော့ သူ့ကို ကျွန်တော်တို့အသင်းမှာ ဆက်ရှိနေစေချင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ အိုနာနာအပေါ်မှာပဲ မူတည်ပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။