The network connection is lost.

Banner Image

မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ပြန်လည်ခန့်အပ်ဖို့ ရီးရဲလ်မက်ဒရစ် အလေးအနက်စဉ်းစားနေ

လက်ရှိရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းက နည်းပြသစ်တစ်ဦးကို ရှာဖွေသွားမယ်ဆိုတာ သေချာသလောက် ဖြစ်နေပါပြီ။ အလွန်ဆိုရဲ့နေရာမှာ အစားဝင်လာခဲ့တဲ့ အာဘီလိုအာက စီနီယာအသင်းကစားသမားတွေအပေါ် စည်းရုံးနိုင်ခဲ့ပေမဲ့ ချန်ပီယံလိဂ် ဒါမှမဟုတ် ကိုပါဒယ်လ်ရေးဖလားတွေမှာ အောင်မြင်မှုမရခဲ့သလို လာလီဂါမှာလည်း ရလဒ်တွေ ဆိုးရွားနေလို့ သူ့ရဲ့စာချုပ်ကို သက်တမ်မတိုးဘူးလို့ မျှော်လင့်ရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက အစားထိုးမယ့်သူတွေအဖြစ် ယာဂန်ကလော့ပ်၊ ပိုချက်တီနိုနဲ့ ဒက်စ်ချမ့်စ်တို့ကို ပြီးခဲ့တဲ့လပိုင်းတွေမှာ ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီနည်းပြသုံးဦးလုံးက ဘာနေဗျူးမှာတာဝန်ယူရမယ့် အခွင့်အရေးကို ငြင်းပယ်မယ်ဆိုရင် လူဟောင်းတစ်ဦး ပြန်လည်ရောက်ရှိလာဖို့ အခြေအနေ များနေပါတယ်။

အစပိုင်းမှာတော့ မော်ရင်ဟို ဒုတိယအကြိမ်ပြန်လာမယ့်ကိစ္စကို အသင်းဘက်မှ ပယ်ချထားပေမဲ့ အခုအခါမှာတော့ ဥက္ကဋ္ဌပီရက်ဇ်က ပေါ်တူဂီလူမျိုးနည်းပြကြီးကို ပိုပြီး စိတ်ဝင်စားလာနေပြီလို့ Marca သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မော်ရင်ဟိုက အခုရာသီကုန်ဆုံးချိန်၊ ဘင်ဖီကာအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရှိနေပြီး အသင်းမှာဆက်ရှိနေဖို့လည်း ကတိကဝတ်မပြုထားပါဘူး။ ဒါ့အပြင် မော်ရင်ဟိုအတွက် စပိန်မြို့တော်မှာ လက်ကျန်အလုပ်တွေ ရှိနေသေးတဲ့အပြင် အသင်းဒါရိုက်တာအဖွဲ့ရဲ့လေးစားမှုကိုလည်း အများအပြားရရှိထားသူဖြစ်လို့ ရီးရဲလ်မက်ဒရစ်ဆီပြန်လာဖို့ အခွင့်အရေးကို လက်လွှတ်လိုက်ဖို့ ခက်ခဲတဲ့အခြေအနေမှာ ရှိနေပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်အထိတော့ ရီးရဲလ်မက်ဒရစ်နဲ့ မော်ရင်ဟိုကြားမှာရော၊ အသက် ၆၃ နှစ်အရွယ်နည်းပြကြီးရဲ့ ကိုယ်စားလှယ်တွေနဲ့ပါ တိုက်ရိုက်ဆက်သွယ်မှုမျိုး မရှိသေးပါဘူး။ နွေရာသီနီးကပ်လာရင်တော့ အပြောင်းအလဲ ရှိနိုင်ပေမဲ့ လောလောဆယ်မှာတော့ အာဘီလိုအာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အပြီးသတ်ဆုံးဖြတ်ချက် မချရသေးမချင်း ဘာမှလုပ်ဆောင်ဦးမှာ မဟုတ်ပါဘူး။

စိတ်ပျက်စရာကောင်းတဲ့ဘောလုံးရာသီ နှစ်ကြိမ်ဆက် ဖြတ်သန်းရပြီးနောက် စိတ်ဓါတ်ပိုင်းတက်ကြွမှုလိုအပ်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့အဝတ်လဲခန်းကို မော်ရင်ဟို ပြန်လည်လှုံ့ဆော်ပေးနိုင်မယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့်လည်း နွေရာသီမှာ သူပြန်လာဖို့ဆိုတာ အဓိပ္ပာယ်ရှိနိုင်ပေမဲ့ တကယ်ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်သွားရပါလိမ့်မယ်။