The network connection is lost.

Banner Image

တိုနာလီနဲ့ ဂေါ်ဒွန်တို့ကို အသင်းမှာဆက်နေဖို့ရှိ၊မရှိ ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့ ရာဇသံပေးလိုက်တဲ့ အက်ဒီဟိုဝီ

နယူးကာဆယ်နည်းပြအက်ဒီဟိုဝီက အန်သိုနီဂေါ်ဒွန်နဲ့ ဆန်ဒရိုတိုနာလီတို့လို ကစားသမားတွေအတွက် နောက်ဆုံးသတိပေးချက် (Ultimatum) ထုတ်ပြန်လိုက်ပါတယ်။

လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အတော်လေးခက်ခဲသွားပြီဖြစ်လို့ နယူးကာဆယ်အသင်းရဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်က အလုပ်များလာဖို့ ရှိနေပါတယ်။

အသက် ၂၅ နှစ်အရွယ် ဂေါ်ဒွန်နဲ့ တိုနာလီတို့က မကြာသေးခင်လပိုင်းတွေအတွင်း စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ နာမည်ထွက်နေကြသူတွေ ဖြစ်ပါတယ်။
ဘုန်းမောက်ကို ၂-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့တဲ့ စနေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး အက်ဒီဟိုဝီက သူ့ရဲ့ ကစားသမားတွေဆီ အသင်းအပေါ် အပြည့်အဝအာရုံစိုက်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

"ကျွန်တော်ပြောချင်တာကတော့ လက်ရှိမှာ ကစားသမားတွေကိုယ်တိုင် အသင်းအပေါ် အပြည့်အဝအာရုံစိုက်ထားတာကို မြင်တွေ့နေရတယ်ဆိုတာပါပဲ။ မီဒီယာတွေမှာတော့ အချိန်နဲ့အမျှ သတင်းမျိုးစုံ ထွက်နေမယ်ဆိုတာ သိပါတယ်။ ဒါဟာ ကျွန်တော်တို့လိုအသင်းမျိုးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတစ်ခုပါပဲ။ ဒါပေမဲ့ ဒါကို ကျွန်တော်အားမပေးသလို အလိုလည်းမရှိပါဘူး။ ကစားသမားတွေကို စိတ်ရောကိုယ်ပါ ဒီအသင်းမှာပဲ အပြည့်အဝ အာရုံစိုက်နေစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်မှာ အသင်းပြောင်းဖို့ စိတ်ကူးနေပြီး တစ်ဖက်မှာ ကစားပေးဖို့ဆိုတဲ့ အလုပ်နှစ်ခုလုံးကို တပြိုင်တည်းမလုပ်နိုင်လို့ပါ" လို့ သူက ဆိုပါတယ်။

"ကျွန်တော့်အတွက်တော့ ကြားအခြေအနေဆိုတာ မရှိပါဘူး။ အသင်းမှာ ရှိနေရင်ရှိ၊ မရှိရင်ထွက်၊ ဒီနှစ်လမ်းပဲ ရှိပါတယ်။ တကယ်လို့ တစ်ဦး၊ နှစ်ဦးလောက်က အသင်းအတွက် စိတ်မပါတော့ဘူးဆိုရင်တော့ ဒါဟာ တကယ့်ကို စိတ်ပျက်စရာကောင်းပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က ဒီလိုအပြောင်းအရွှေ့ ဆွေးနွေးမှုတွေမှာ မပါဝင်နေလို့ ဘာဖြစ်လာမယ်ဆိုတာကိုတော့ အတိအကျ ပြောလို့မရသေးပါဘူး။ ကျွန်တော့်ဆီကိုတော့ ဘယ်သူကမှ ဒီသတင်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တာမျိုး (အသင်းကထွက်ချင်တယ်လို့) ကိုယ်တိုင်လာပြောတာ မရှိသေးပါဘူး" လို့ အက်ဒီဟိုဝီက ထပ်လောင်းပြောကြားခဲ့ပါတယ်။