The network connection is lost.

Banner Image

ဖိအားတွေအားလုံး မန်စီးတီးအပေါ်မှာပဲ ရှိနေတယ်လို့ ဆိုလိုက်တဲ့ အာဆင်နယ်ဂန္တဝင်လော်ရန်

တနင်္ဂနွေနေ့၊ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအတွက် မန်စီးတီးဆီမှာသာ ဖိအားတွေအားလုံး ရှိနေတယ်လို့ အာဆင်နယ်ဂန္ထဝင်လော်ရန်က အခိုင်အမာ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်က မန်စီးတီးထက် တစ်ပွဲပိုကစားထားပေမဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ခြောက်မှတ်အသာဖြင့် ဦးဆောင်နေပြီး အီတီဟတ်ကွင်းဆီ ရောက်ရှိလာပါလိမ့်မယ်။

"ကျွန်တော်တို့ရဲ့ မူလကစားဟန်တွေကိုပဲ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ လော်ရန်က talkSPORT ကို ပြောပါတယ်။

"မန်စီးတီးက ခြေစွမ်းပြနေတာကြောင့် သူတို့နဲ့ကစားရတာ လွယ်ကူတဲ့ပွဲစဉ်တော့ မဖြစ်လာနိုင်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဒီပွဲကို အနိုင်ရနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ သွားရောက်ရင်ဆိုင်ရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကဲ... ကြိုးစားကြစမ်းပါ ညီလေးတို့ရာ"

"ဆိုလိုတာက ကျွန်တော်တို့ ဖလားပွဲမှာ ရှုံးခဲ့တယ်၊ ဆောက်သမ်တန်နဲ့ပွဲမှာ ရှုံးခဲ့တယ်၊ ဘုန်းမောက်နဲ့ပွဲမှာ ရှုံးခဲ့တယ်ဆိုတာတွေကိုပဲ ထိုင်ပြောနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မန်စီးတီးက လိုက်လာပြီ၊ မန်စီးတီးက လိုက်လာပြီဆိုတဲ့ ပြောဆိုသံတွေက ဘာဖြစ်လဲဗျာ။ ကျွန်တော်တို့က ဇယားထိပ်မှာ ရှိနေတာပဲလေ"

"ကျွန်တော်တို့က ခြောက်မှတ်တောင် ဖြတ်ထားတာပါ။ ဒါကြောင့် ဖိအားအကြီးအကျယ်ခံစားနေရတဲ့ သူတို့ကွင်းဆီ သွားပြီးတော့ အနိုင်ရအောင် ကစားနိုင်တယ်လို့ပဲ တွေးထားရပါမယ်။ ကျွန်တော်တို့က ခြောက်မှတ်အသာနဲ့ ဇယားထိပ်မှာ ရှိနေတာပါ။ ဒါကြောင့် ကျန်တဲ့ပွဲတွေကိုသာ အနိုင်ကစားနိုင်ရင် ကျွန်တော်တို့ ချန်ပီယံဖြစ်လာပါလိမ့်မယ်"

"မန်စီးတီးကသာ ဖိအားတွေ အများကြီးရှိနေတာပါ။ ဘာလို့လဲဆိုတော့ သူတို့က ပွဲတိုင်းကို အနိုင်ကစားဖို့ လိုအပ်သလို အာဆင်နယ်ရှုံးနိမ့်မှုကိုလည်း စောင့်ဆိုင်းနေရလို့ပါပဲ" လို့ ၎င်းက ဆိုပါတယ်။