လီဗာပူးရဲ့ထောင်ချောက်ဆီ တိုးမဝင်မိအောင် သတိထားကြဖို့ ပီအက်စ်ဂျီကစားသမားတွေဆီ တိုက်တွန်းလိုက်တဲ့ လူးဝစ်အင်းနရစ်
ချန်ပီယံလိဂ်လက်ရှိချန်ပီယံပီအက်စ်ဂျီအသင်းအတွက် ဆီမီးဖိုင်နယ်အဆင့်ဆီ တက်ရောက်နိုင်ရေး အလွန်အရေးပါတဲ့ လီဗာပူးနဲ့အင်္ဂါနေ့အဝေးကွင်းပွဲစဉ်မှာ ပြိုင်ဘက်ရဲ့ကျော့ကွင်းအတွင်း တိုးမဝင်မိအောင် အထူးသတိထားရမယ်လို့ နည်းပြလူးဝစ်အင်းနရစ်က သတိပေးလိုက်ပါတယ်။
ပီအက်စ်ဂျီက ပြီးခဲ့တဲ့သီတင်းပတ်၊ ပါရီမှာကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ၂-၀ ဂိုးဖြင့် အနိုင်ရရှိထားတဲ့ အားသာချက်ကို ထိန်းသိမ်းပြီး အန်ဖီးလ်ကွင်းဆီ သွားရောက်ယှဉ်ပြိုင်ရပါမယ်။
ပထမအကျော့ပွဲစဉ်မှာ လူးဝစ်အင်းနရစ်ရဲ့အသင်းအတွက် ဒူယီနဲ့ ခဗာရက်စ်ခီလီယာတို့က ဂိုးတွေသွင်းယူပေးခဲ့ပြီး လီဗာပူးကတော့ ဂိုးပေါက်တည့်မှု တစ်ကြိမ်တောင် မရှိခဲ့ပါဘူး။
ပီအက်စ်ဂျီက ပထမအကျော့မှာ အပြတ်အသတ်အသာစီးရခဲ့သလို ပြီးခဲ့တဲ့ရာသီ၊ ၁၆ သင်းရှုံးထွက်အဆင့်မှာလည်း လီဗာပူးကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူခဲ့ဖူးပေမဲ့ လူးဝစ်အင်းနရစ်ကတော့ မာဆေးဆိုဒ်မြေမှာ ဘာကိုမှ လျှော့တွက်မထားပါဘူး။
ဥရောပပွဲစဉ်တွေမှာ အံ့အားသင့်စရာ အလှည့်အပြောင်းတွေ ဖန်တီးလေ့ရှိတဲ့ လီဗာပူးရဲ့နာမည်ကျော်ကြားမှုကြောင့်ရော၊ လက်ရှိမှာ ခက်ခဲနေတဲ့ သူတို့ရဲ့ရာသီကို ဥရောပအဆင့်မြင့်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်တက်လှမ်းပြီး ကုစားဖို့ ကြိုးစားနေတာကြောင့်ရော ပီအက်စ်ဂျီအတွက် သတိထားစရာ ဖြစ်နေပါတယ်။
"တကယ်ကို ဂရုစိုက်ဖို့ လိုပါတယ်။ အခက်အခဲတွေ ရှိလာနိုင်သလို ဒါက ထောင်ချောက်တစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်" လို့ လူးဝစ်အင်းနရစ်က တနင်္လာနေ့မှာ သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။ "လူတိုင်းကတော့ မင်းတို့ ပထမအကျော့မှာ အေးအေးဆေးဆေး နိုင်ခဲ့တာပဲ၊ ပြိုင်ဘက်ထက် အများကြီး ပိုကောင်းခဲ့တာပဲလို့ ပြောကြပါလိမ့်မယ်။ အဲဒါက မှန်နိုင်ပေမဲ့ ဘောလုံးပွဲမှာ အခြေအနေတွေက အရမ်းမြန်မြန်ဆန်ဆန် ပြောင်းလဲသွားနိုင်ပါတယ်။ ပထမပိုင်းမှာတင် တစ်ဂိုးလောက် ပေးလိုက်ရရင် ပြိုင်ပွဲလမ်းကြောင်း ပြန်ပွင့်သွားနိုင်လို့ အသေးစိတ်အချက်လေးတွေကအစ သတိထားဖို့ လိုအပ်သလို အဆင်သင့်လည်း ဖြစ်နေရပါမယ်" လို့ ဆိုပါတယ်။
နှစ်ဂိုးအသာရရှိထားမှုကြောင့် ပီအက်စ်ဂျီက အခုပြိုင်ဆိုင်မှုကို အဆုံးသတ်နိုင်ဖို့ ခံစစ်ပိတ်ကစားမယ်လို့ ထင်စရာရှိပေမဲ့ လူးဝစ်အင်းနရစ်ကတော့ ခံစစ်ပိတ်ဖို့ အစီအစဉ်မရှိဘဲ အနိုင်ရဖို့အတွက်သာ ကစားဖို့ သူ့ကစားသမားတွေဆီ တိုက်တွန်းထားပါတယ်။
"ကျွန်တော်တို့ အမြဲတမ်းလုပ်နေကျအတိုင်း အနိုင်ရဖို့အတွက်ပဲ ကွင်းထဲဆင်းသွားပါမယ်။ သူတို့ဘက်ကလည်း ဂိုးရဖို့ ကြိုးစားလာဖို့ရှိပေမဲ့ ကျွန်တော့်အသင်းအတွက်လည်း ဒီပွဲမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်တယ်၊ လွယ်ကူမှာမဟုတ်ဘူးဆိုတာကို သိထားဖို့ လိုပါတယ်။ အခုအချိန်ထိ ရလဒ်ပိုင်းအရ အသာရနေပေမဲ့ ဒီပွဲက တကယ်ကိုခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်နေပါဦးမယ်" လို့ သူက ပြောပါတယ်။
ဒါ့အပြင် ပီအက်စ်ဂျီက အန်ဖီးလ်ကွင်းရဲ့ဆူညံပြင်းထန်တဲ့ ပရိသတ်အားပေးမှုတွေနဲ့လည်း ရင်ဆိုင်ရဖို့ရှိပေမဲ့ လူးဝစ်အင်းနရစ်ကတော့ ဒီလိုဖိအားပေးမှုတွေကို ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
"အန်ဖီးလ်လိုကွင်းမျိုးမှာ ကစားရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့အတွက် ခွန်အားတစ်ခုလည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ကစားဟန်နဲ့ သူတို့ကို ကျော်ဖြတ်ပြီး အနိုင်ယူချင်လို့ပါပဲ" လို့ ၎င်းက ဆိုပါတယ်။