လိဂ်တူးကလပ်ကိုချက်စတာအသင်းရဲ့ အစုရှယ်ယာရှင်တစ်ဦးဖြစ်လာတဲ့ ချဲလ်ဆီးဂန္တဝင်ဂျွန်တယ်ရီ
ချဲလ်ဆီးဂန္ထဝင်ကစားသမားကြီးဂျွန်တယ်ရီက အခုအခါမှာတော့ ကလပ်အသင်းပိုင်ရှင်တစ်ဦး ဖြစ်လာခဲ့ပါပြီ။ JT လို့ လူသိများတဲ့သူက အင်္ဂလန်လိဂ်တူးကလပ် ကိုချက်စတာယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာရှင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်နဲ့ ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်းက ကိုချက်စတာအသင်းကို ပေါင် ၁၄ သန်းဖြင့်ဝယ်ယူမယ့် လုပ်ငန်းစုတစ်ခုမှာ ပါဝင်နေပြီး မကြာခင်မှာပဲ ဒါနဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာဖို့ ရှိနေပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး သတင်းရင်းမြစ်တစ်ခုက The Sun သတင်းဌာနကို အခုလို ပြောပြခဲ့ပါတယ်။ "ဒါက အချိန်အတော်ကြာအောင် ပြင်ဆင်ခဲ့ရပြီး အခုလို တရားဝင်ဖြစ်လာဖို့ရှိနေလို့ ဂျွန်တယ်ရီတော့ တကယ်ကို စိတ်လှုပ်ရှားနေပါတယ်။ သူက အောက်တန်းလိဂ်ဘောလုံးလောကကို အရမ်းဝါသနာပါပြီး အားပေးတဲ့သူဖြစ်သလို၊ အသင်းငယ်လေးတွေ ရသင့်ရထိုက်တဲ့ ထောက်ပံ့မှုနဲ့ လူသိများမှုတွေ ရရှိလာအောင်လည်း ကူညီပေးချင်ပါတယ်"
"သူက အသင်းရဲ့ လေ့ကျင့်ရေးကွင်းဆီကိုတောင် အခေါက်ခေါက်အခါခါ သွားရောက်ခဲ့သလို ဘာဆူညံသံမှမထွက်ဘဲ အသင်းအတွက် အစွမ်းကုန်ပါဝင်ကူညီပေးနေပါတယ်။ သူက အသင်းရဲ့ကစားသမားလေးတွေကို တကယ်ယုံကြည်ပေးထားသလို၊ ကိုချက်စတာအသင်းကစားသမားတွေကလည်း ဂျွန်တယ်ရီ အခုလို ပါဝင်ပတ်သက်လာမှုအတွက် တကယ်ကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြပါတယ်"
"သူရောက်ရှိလာမှုက အသင်းအတွက် တကယ့်ကိုထူးခြားတဲ့ဆွဲဆောင်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ကိုချက်စတာနဲ့ပတ်သက်သူတိုင်းလည်း အရမ်းစိတ်လှုပ်ရှားနေကြပြီး ဒီအပြောင်းအလဲမှတစ်ဆင့် အသင်းကို ပိုပြီးလူသိများလာစေဖို့နဲ့ တန်းတက်နိုင်ဖို့အထိ မျှော်လင့်ထားကြပါတယ်" လို့ ဆိုပါတယ်။