နော်တင်ဟမ်ဖောရက်စ်နဲ့သရေရလဒ်ကို ကောင်းမွန်တဲ့ရလဒ်အဖြစ် အူနိုင်းအမ်မရီ ယူဆနေ
အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီက နော်တင်ဟမ်ဖောရက်စ်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီး ဒီရလဒ်ပိုင်းအပေါ် ကျေနပ်မှုရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။
တချို့က အမှတ်လျော့ကျခဲ့တဲ့ပွဲစဉ်လို့ ယူဆကြပေမဲ့ အူနိုင်းအမ်မရီကတော့ TOP 4 စာရင်းအတွင်းမှာ အက်စတွန်ဗီလာ ကောင်းကောင်းရပ်တည်နေနိုင်တာကြောင့် ဒီရလဒ်အပေါ် တခြားရှုထောင့်မှတဆင့် ရှင်းပြလာခဲ့ပါတယ်။
"ကျွန်တော်တို့တွေ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ကျွန်တော်တို့ အရမ်းကောင်းခဲ့ပြီး အာဆင်နယ်၊ မန်စီးတီးတို့နဲ့ နှစ်မှတ် သို့မဟုတ် သုံးမှတ်အကွာမှာပဲ ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်လလောက်ကတော့ ဒီဇင်ဘာကာလလောက် မထူးကဲခဲ့ပေမဲ့ တော်တော်လေးအခြေအနေကောင်းခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။
"အခုလက်ရှိအခြေအနေကလည်း ယူရိုပါလိဂ်ကွာတားဖိုင်နယ်တက်ဖို့နဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၅ အတွင်းဝင်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်အတိုင်းပဲ ဆက်ရှိနေပါတယ်။ မှန်ပါတယ်၊ ဒီနေ့ပွဲကလည်း အရင်ပွဲတွေလိုပဲ အခြေအနေတူပါတယ်။ ကျွန်တော်တို့ တော်တော်လေးကောင်းအောင် ကစားနိုင်ပေမဲ့ အနိုင်ရရှိဖို့အတွက် ပိုပြီးထူးကဲတဲ့စွမ်းဆောင်ရည်မျိုး ပြသဖို့ လိုအပ်ပါတယ်"
"ကျွန်တော်တို့ အနိုင်ရဖို့ ကြိုးစားခဲ့ပါတယ်။ ကစားသမားတွေကလည်း ကျွန်တော်တို့ရဲ့ကစားကွက်အတိုင်း သေချာလိုက်နာကစားခဲ့ကြတဲ့အတွက် တကယ်ကို ဝမ်းသာပါတယ်။ နိုင်ပွဲရဖို့အတွက် အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့အစီအစဉ်အတိုင်း ကစားနိုင်ခဲ့လို့ ကောင်းမွန်တဲ့ပွဲစဉ်တစ်ခုဖြစ်ခဲ့သလို ရရှိတဲ့တစ်မှတ်ကလည်း တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နောက်ထပ်ရည်မှန်းချက်ကတော့ အကောင်းဆုံးဖြစ်လာဖို့ပါပဲ။ အဆင့်ငါး အတွင်းမှာ ဆက်ရှိနေဖို့ဆိုရင် အခုလိုပွဲမျိုးတွေ ဒါမှမဟုတ် နောက်လာမယ့်ပွဲတွေစဉ်မှာ သုံးမှတ်အပြည့်ရအောင်ယူဖို့ လိုအပ်ပါတယ်"
"လာမယ့်တနင်္ဂနွေနေ့၊ ဆန်းဒါးလန်းနဲ့ပွဲစဉ်က ပရီးမီးယားလိဂ်ရဲ့ နောက်ထပ်စိန်ခေါ်မှုတစ်ခုပါ။ ယူရိုပါလိဂ်မှာလည်း ကျွန်တော်တို့ လုပ်ဆောင်နေတာတွေအတွက် ဂုဏ်ယူသလို ပျော်လည်းပျော်ရပါတယ်။ လာမယ့် ကြာသပတေးနေ့ ဗီလာပါ့ခ်မှာ ကစားမယ့်ပွဲမှာလည်း ဒီနေ့ပွဲလိုပဲ ပရိသတ်တွေ အများကြီးလာရောက်အားပေးကြဖို့ မျှော်လင့်ပါတယ်။ ဒီနေ့ပွဲမှာ ပရိသတ် ၃၀၀၀၊ ၄၀၀၀ လောက်အထိ လာအားပေးကြတာက ဘိုလော့ဂ်နာမှာတုန်းကလိုပဲ အရမ်းကောင်းပါတယ်"
"ဒါ တကယ့်ကို အံ့ဩစရာပါပဲ။ ဘာကြောင့်လဲဆိုတော့ ပရိသတ်တွေရဲ့အားပေးမှုကို ခံစားရချိန် ကျွန်တော်တို့ ပိုပြီးယုံကြည်မှုရှိလာသလို စိတ်အားထက်သန်လာပြီး ဒီလိုအခြေအနေကောင်းတွေကို ဆက်ထိန်းထားနိုင်ဖို့ ခွန်အားဖြစ်စေလို့ပါပဲ" လို့ အူနိုင်းအမ်မရီက ပြောကြားခဲ့ပါတယ်။