အန်ဒါဆန်ကိုခေါ်ယူနိုင်ရေး ယူနိုက်တက်ကို အသာရနေတဲ့ မန်စီးတီး
မန်စီးတီးအသင်းဟာ နော့တမ်ဖောရက်စ်အသင်းရဲ့ ကွင်းလယ်လူ အဲလိယော့တ်အန်ဒါဆန်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းတဲ့နေရာမှာ သူတို့ပဲ အနိုင်ရတော့မယ်လို့ ယုံကြည်မှု အပြည့်ရှိနေတာပါ။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမားလေးကို ခေါ်ယူဖို့အတွက် မန်စီးတီးဟာ မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင်ဖြစ်နေခဲ့တာပါ။
ဒါပေမဲ့ မန်ယူအသင်းဟာ နည်းပြ မိုက်ကယ်ကားရစ်လက်ထက်မှာ ရလဒ်တွေ သိသိသာသာ ပြန်ကောင်းလာနေပေမဲ့လည်း အန်ဒါဆန်ကတော့ လာမယ့်နွေရာသီမှာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ပဲ အဓိက ဦးစားပေးထားတယ်လို့ Mirror သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာတော့ မန်စီးတီးဟာ အန်ဒါဆန်ကို ခေါ်ယူနိုင်တော့မယ်လို့ ယုံကြည်နေပြီး နော့တမ်ဖောရက်စ်အသင်းနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းဝန်းကျင်နဲ့ သဘောတူညီမှုရဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ အန်ဒါဆန်ကို ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်ခင်မှာပဲ အပြီးသတ်ခေါ်ယူချင်နေတာဖြစ်ပြီး ဒါမှသာ အမေရိကန်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူခြေစွမ်းပြခဲ့ရင် ပြောင်းရွှေ့ကြေးတွေ အဆမတန် မြင့်တက်သွားမှာကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။ အန်ဒါဆန်ကလည်း နော့တမ်ဖောရက်စ်အသင်းအနေနဲ့ ဒီရာသီမှာ တန်းမဆင်းရဘဲ လွတ်မြောက်ခဲ့ရင်တောင် လာမယ့်နွေရာသီမှာတော့ အသင်းကနေ သေချာပေါက် ထွက်ခွာတော့မယ်လို့ ရှင်းရှင်းလင်းလင်း ပြောဆိုထားပါတယ်။