The network connection is lost.

Banner Image

လီဗာပူးအသင်းဂိုးပြတ်ရှုံးနိမ့်မှုအပေါ် ပရိသတ်တွေရဲ့တုံ့ပြန်ပုံကြောင့် အံအားသင့်နေတဲ့ ဂျွန်အဲလ်ဒရစ်ချ်

စနေနေ့၊ မန်စီးတီးကွင်းမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ်တွေနဲ့ဆက်ဆံရေးပြန်လည်ကောင်းမွန်အောင် ကစာသမားတွေကိုယ်တိုင် အမြန်ဆုံးလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ လီဗာပူးဂန္ထဝင်ကစားသမား ဂျွန်အဲလ်ဒရစ်ချ်က ပြောကြားလိုက်ပါတယ်။

အဲ့ဒီပွဲစဉ်မှာ လီဗာပူးအသင်းက ၄-၀ ဂိုးဖြင့် အပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီး ပွဲမပြီးခင်မှာတင် အဝေးကွင်းအထိလာရောက်အားပေးတဲ့ ပရိသတ်တွေ အီတီဟတ်ကွင်းမှ အစုလိုက်အပြုံလိုက် ပြန်ထွက်သွားခဲ့ကြပါတယ်။

ဂျွန်အဲလ်ဒရစ်ချ်က Liverpool Echo သတင်းစာမှာ အခုလို ရေးသားခဲ့ပါတယ်။ "စနေနေ့မွန်းလွဲပိုင်း၊ အီတီဟတ်ကွင်းမှာ ကျွန်တော်မြင်ခဲ့ရတဲ့ မြင်ကွင်းမျိုးက လီဗာပူးအသင်းအတွက် ကစားပေးခဲ့တဲ့အချိန်မှာရော၊ ပရိသတ်အဖြစ် ကြည့်ရှုခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာပါ တစ်ခါမှ မကြုံဖူးခဲ့ပါဘူး"

"ပွဲကစားချိန်အများကြီးကျန်နေသေးချိန် အသင်းရဲ့ခြေစွမ်း ဒါမှမဟုတ် ရလဒ်ကို မကျေနပ်လို့ ပရိသတ်တွေ အခုလိုမျိုး ကွင်းတွင်းမှ အများအပြားထွက်သွားတာမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး"

"မန်စီးတီးက လေးဂိုးပြတ်နိုင်နေချိန်၊ ပွဲကစားချိန်သုံးပုံတစ်ပုံလောက် ကျန်နေသေးချိန်မှာပဲ အဝေးကွင်းအထိလာရောက်အားပေးကြတဲ့ ပရိသတ်အများအပြားက စောစောစီးစီးပြန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီခရီးစဉ်က အခုဘောလုံးရာသီအတွက် အနီးဆုံးအဝေးကွင်းပွဲစဉ်တွေအနက် တစ်ခုလည်း ဖြစ်ပါတယ်။"

"မန်ချက်စတာမှာ ပွဲသိမ်းဝီစီမှုတ်တဲ့အချိန် ပရိသတ်တော်တော်များများ မာဆေးဆိုဒ်မှာရှိတဲ့ သူတို့ရဲ့ရပ်ကွက်ထဲကို ပြန်ရောက်နေလောက်ပါပြီ။ အခုအချိန်မှစလို့ ရှေ့ဆက်သွားမယ့်ခရီးလမ်းမှာ ကစားသမားတွေက ပရိသတ်တွေကို အကြွေးတင်သွားပြီလို့ ဆိုရပါမယ်"

"ဒီပရိသတ်တွေက လွန်ခဲ့တဲ့သီတင်းနှစ်ပတ်လောက်က ဘရိုက်တန်မှာကစားခဲ့တဲ့ မွန်းလွဲပိုင်းပွဲစဉ်ကို သွားရောက်အားပေးဖို့ မနက်လေးငါးနာရီလောက်ကတည်းက အိပ်ရာထပြီး တစ်နိုင်ငံလုံးကိုဖြတ်ကာ ခရီးနှင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။"

"အဲဒီခရီးစဉ်တွေအတွက် ပရိသတ်တွေကိုယ်တိုင် ပေါင် ၂၀၀၊ ၃၀၀ ထက်မနည်း ကုန်ကျခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရရှိလိုက်တဲ့ခြေစွမ်းနဲ့ရလဒ်က ဒါမျိုးဆိုတော့ သူတို့ အခုလိုကွင်းတွင်းမှ စောစောစီးစီးထွက်ခွာသွားတာကို ကျွန်တော် အပြစ်မတင်နိုင်ပါဘူး။ ဒီပရိသတ်တွေက သူတို့မိသားစုစားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြသူတွေဖြစ်ပြီး အခုလိုခြေစွမ်းမျိုးပြန်လည်ရရှိတယ်ဆိုတာ တကယ်ကိုလက်ခံနိုင်စရာမရှိပါဘူး။"လို့ ဂျွန်အဲလ်ဒရစ်ချ်က ရေးသားဖော်ပြပါတယ်။