အစ္စလာမ်ဘာသာအပေါ် ပုတ်ခတ်စော်ကားတဲ့ အော်ဟစ်မှုတွေနဲ့ ပတ်သက်ပြီး လာမိုင်းယာမယ်လ်ဘက်က ရပ်တည်ပေးလိုက်တဲ့ ဗင်နီစီးယက်စ်
ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ကစားသမား လာမိုင်းယာမယ်လ်ဟာ ဒီရာသီအစောပိုင်းမှာ အစ္စလာမ်ဘာသာအပေါ် ပုတ်ခတ်စော်ကားတဲ့ အပြောအဆိုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗင်နီစီးယက်စ်က သူ့ဘက်ကနေ ဝန်းရံရပ်တည်ပေးလိုက်ပါတယ်။ စပိန်နဲ့ အီဂျစ်တို့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်အတွင်း ကော်နဲလာမြို့က RCDE ကွင်းထဲမှာရှိတဲ့ ပရိသတ်အချို့က “မခုန်တဲ့သူဟာ မွတ်စလင်ပဲ” ဆိုတဲ့ စာသားတွေကို အော်ဟစ်ပြီး လှောင်ပြောင်ခဲ့ကြတာပါ။
အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ လာမိုင်းယာမယ်လ်က အဆိုပါအော်ဟစ်မှုတွေဟာ “လေးစားမှုမရှိတဲ့အပြင် သည်းခံနိုင်စရာလည်း မရှိဘူး” လို့ သူ့ရဲ့ Instagram မှာ ရေးသားခဲ့ပါတယ်။ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့တဲ့ အဲ့ဒီပွဲစဉ်အပြီးမှာ ဘာသာရေးကို အသုံးချပြီး လှောင်ပြောင်ခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း သူက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ကလည်း အဆိုပါ အစ္စလာမ်ဘာသာအပေါ် ပုတ်ခတ်တဲ့ အော်ဟစ်မှုတွေကို ရှုံ့ချလိုက်ပြီး ရဲတပ်ဖွဲ့ကလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေကို စစ်ဆေးအရေးယူဖို့ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
အခုအခါမှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ပွဲစဉ်မတိုင်ခင်မှာ ဗင်နီစီးယက်စ်က လာမိုင်းယာမယ်လ်ဘက်ကနေ ရပ်တည်စကားပြောဆိုလာခဲ့ပြီး အခုလို အနိုင်ကျင့်စော်ကားမှုတွေကို ရပ်တန့်ဖို့အတွက် ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ “ဒါမျိုးတွေက ခဏခဏ ဖြစ်နေတတ်တာပါ။ ဒီတိုက်ပွဲကို ကျွန်တော်တို့ ဆက်ပြီး ဆင်နွှဲသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လာမိုင်းက အခုလို ထုတ်ပြောတာဟာ အရမ်းအရေးကြီးပြီး ဒါဟာ တခြားသူတွေကိုလည်း ကူညီပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့က နာမည်ကြီးတယ်၊ ပိုက်ဆံရှိတယ်၊ ဒါကြောင့် ဒီလိုအခြေအနေတွေကို ထိန်းညှိနိုင်ပေမဲ့ သာမန်လူတွေအတွက်တော့ ကျွန်တော်တို့ထက် ပိုခက်ခဲပါတယ်။ ကျွန်တော်တို့ အတူတကွ ရှိနေရပါမယ်။ စပိန်၊ ဂျာမနီ ဒါမှမဟုတ် ပေါ်တူဂီတို့က လူမျိုးရေးခွဲခြားတဲ့ နိုင်ငံတွေလို့ ကျွန်တော် မဆိုလိုပါဘူး။ ဒါပေမဲ့ လူမျိုးရေးခွဲခြားတဲ့သူတွေတော့ ရှိနေပါတယ်။ အကယ်၍ ကျွန်တော်တို့သာ ဒီတိုက်ပွဲကို အတူတကွ ဆက်နွှဲသွားမယ်ဆိုရင် အနာဂတ်မှာ ကစားသမားသစ်တွေဟာ ဒီလိုအခြေအနေမျိုးတွေကို ကြုံတွေ့ရတော့မှာ မဟုတ်ပါဘူး” လို့ ဗင်နီစီးယက်စ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရီးရဲလ်နည်းပြ အာဘီလိုအာကလည်း အခုလို ဝေဖန်ပြောဆိုမှုတွေဟာ စပိန်နိုင်ငံတစ်ခုလုံးကို ကိုယ်စားမပြုဘူးလို့ ပြောကြားခဲ့ပါတယ်။ သောကြာနေ့က ပြုလုပ်တဲ့ အင်တာဗျူးမှာ အာဘီလိုအာက လူမျိုးရေးခွဲခြားတဲ့ အပြုအမူတွေကို အမြစ်ပြတ်ချေမှုန်းရမှာ ဖြစ်ပေမဲ့ စပိန်နိုင်ငံဘက်ကနေ ခုခံကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ “ကျွန်တော့်အမြင်အရ စပိန်ဟာ လူမျိုးရေးခွဲခြားတဲ့ နိုင်ငံမဟုတ်ပါဘူး။ အကယ်၍သာ လူမျိုးရေးခွဲခြားတတ်တဲ့ နိုင်ငံဆိုရင် အပတ်တိုင်း ကွင်းတိုင်းမှာ ပြဿနာတွေ ရှိနေမှာပါ။ ဘောလုံးကွင်းတွေနဲ့ လူ့အဖွဲ့အစည်းအတွင်းက လူမျိုးရေးခွဲခြားတဲ့ အပြုအမူမှန်သမျှကိုတော့ ကျွန်တော်တို့ အမြစ်ပြတ် ဖယ်ရှားရမယ်လို့ ဆက်ပြီး လက်ခံထားပါတယ်။ ဒါပေမဲ့ စပိန်ဟာ တကယ့်ကို သည်းခံစိတ်ရှိတဲ့ နိုင်ငံကောင်းတစ်ခု ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် ဒီလိုဖြစ်ရပ်မျိုးတွေ ရှိတာနဲ့ပဲ အားလုံးကို ယေဘုယျဆန်ဆန် ခြုံငုံပြီး မသတ်မှတ်သင့်ပါဘူး” လို့ ၎င်းက ဆိုပါတယ်။