စပို့တင်းနဲ့ပွဲစဉ်မတိုင်မီ အာဆင်နယ်ရဲ့လေ့ကျင့်ရေးအစီအစဉ်ကိုလွဲချော်ခဲ့တဲ့ ဆာကာ
ချန်ပီယံလိဂ်မှာ စပို့တင်းလစ္စဘွန်းနဲ့ ရင်ဆိုင်ရမယ့်ပွဲမတိုင်ခင် အာဆင်နယ်ကြယ်ပွင့် ဘူကာယိုဆာကာက ဒီတစ်ပတ်မှာ လေ့ကျင့်ရေးပျက်ကွက်ခဲ့ပါတယ်။
ဆာကာဟာ ပြီးခဲ့တဲ့ရာသီမှာလည်း ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပေါင်နောက်ကြောဒဏ်ရာကြောင့် သုံးလကျော်ကြာ အနားယူခဲ့ရသူ ဖြစ်ပါတယ်။ အခုလည်း အဲဒီဒဏ်ရာက ဝေယံကစားသမားကို ထပ်ပြီးဒုက္ခပေးနေပုံရတာကြောင့် အာဆင်နယ်အသင်းမှာ ပါဝင်နိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။
အနားယူဖို့ အချိန်ပိုပေးထားခဲ့ပေမဲ့ သူဟာ အင်္ဂလန်အသင်းမှာလည်း ပါဝင်ကစားခဲ့ခြင်းမရှိပါဘူး။ အာဆင်နယ်အသင်းက ဆောက်သမ်တန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မတိုင်ခင်မှာပဲ သူဟာ မြောက်လန်ဒန်ကို ပြန်ရောက်လာခဲ့တာပါ။
အခုလည်း စပို့တင်းနဲ့ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွက် အာဆင်နယ်တို့ လေ့ကျင့်ရေးဆင်းခဲ့ရာမှာ ဆာကာကို မတွေ့ရဘူးလို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် သူဟာ ပထမအကျော့ပွဲစဉ်မှာ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ယူဆရပါတယ်။
ဆောက်သမ်တန်နဲ့ အက်ဖ်အေဖလားပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆာကာရဲ့ ရုန်းကန်နေရမှုတွေအပေါ် စိုးရိမ်နေသလား ဒါမှမဟုတ် ရှေ့ပွဲတွေမှာ ဆာကာ ခြေစွမ်းပြလာမယ်လို့ ထင်သလားဆိုတဲ့ မေးခွန်းကို အာတီတာက အခုလို ဖြေကြားခဲ့ပါတယ်။
"သူ (အကောင်းဆုံးခြေစွမ်း) ပြန်ရလာမယ်ဆိုတာ ကျွန်တော် သေချာပါတယ်" လို့ အာတီတာက ဆိုပါတယ်။
"ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အားလုံးက ရာသီရဲ့ နောက်ဆုံးအစိတ်အပိုင်းနဲ့ ဒီနောက်ဆုံး ရှစ်ပတ်အတွင်းမှာ ကျွန်တော်တို့ ဘာတွေလုပ်နိုင်ခဲ့လဲ၊ တစ်ဦးချင်းအနေနဲ့ ဘယ်လိုခြေစွမ်းပြနိုင်မလဲဆိုတာကိုပဲ မှတ်မိနေကြမှာပါ။ အခုက ကျွန်တော်တို့ သက်ရောက်မှုရှိအောင် လုပ်ရမယ့်အချိန်ပါပဲ။ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ဘာတွေလုပ်ခဲ့လဲဆိုတာက အရေးမကြီးတော့ပါဘူး၊ ဒါတွေက ပြီးသွားပါပြီ။ အခုအချိန်မှာတော့ ကျွန်တော်တို့ လိုချင်တဲ့ အောင်မြင်မှုတွေရဖို့ အကောင်းဆုံး ဘယ်လိုပြင်ဆင်မလဲဆိုတာကပဲ အရေးကြီးပါတယ်" လို့ သူက ပြောခဲ့ပါတယ်။
အစောပိုင်း သတင်းတွေမှာတော့ ဆာကာဟာ ဆောက်သမ်တန်နဲ့ပွဲမှာ ပြန်ပါလာမယ်လို့ ခန့်မှန်းခဲ့ကြပေမဲ့ အခုတော့ အဲဒီပွဲကိုလည်း လွဲချော်ခဲ့သလို လေ့ကျင့်ရေးမှာလည်း မတွေ့ရတော့တာကြောင့် သူ့ရဲ့ဒဏ်ရာဟာ ထင်ထားတာထက် ပိုပြီးပြင်းထန်နေနိုင်ပါတယ်။