ဂျူလီယန် အယ်လ်ဗာရက်ဇ်အတွက် ဘာစီလိုနာရဲ့ ကစားသမားအလဲအထပ် ကမ်းလှမ်းမှုကို အက်သလက်တီကိုမက်ဒရစ် ပယ်ချ
အက်သလက်တီကိုမက်ဒရစ်အသင်းဟာ သူတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ်အတွက် လာလီဂါပြိုင်ဘက် ဘာစီလိုနာအသင်းဆီက လာတဲ့ ကစားသမားအလဲအထပ် ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီမှာ ရောဘတ် လီဝန်ဒေါစကီးရဲ့နေရာမှာ အစားထိုးဖို့အတွက် ကစားသမားသစ်တစ်ယောက် ရှာဖွေနေတယ်ဆိုတာ အားလုံးသိထားပြီးသား ဖြစ်ပါတယ်။
ဟန်ဆီ ဖလစ်ရဲ့ ဘာစီလိုနာအသင်းဟာ ဂျူလီယန် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေပေမဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေး အခက်အခဲတွေကြောင့် ဒီအပြောင်းအရွှေ့က ဖြစ်မြောက်ဖို့ မလွယ်ကူတဲ့ အနေအထားမှာ ရှိနေပါတယ်။
စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ Sport ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ငွေကြေးအပြင် မတ်ခ် ကာဆာဒို ဒါမှမဟုတ် ဖာရန် တောရက်စ် တစ်ယောက်ယောက်ကို အလဲအထပ်အဖြစ် ထည့်ပေးဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အက်သလက်တီကိုမက်ဒရစ်ကတော့ ဒီကမ်းလှမ်းမှုကို တခါတည်း ပယ်ချလိုက်ပြီး အယ်လ်ဗာရက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ လောက်အထိ ရဖို့ မျှော်လင့်နေပါတယ်။ လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ ပရီမီယာလိဂ်ကလပ် အသင်းအတော်များများကလည်း စိတ်ဝင်စားနေကြပါတယ်။