နယူးကာဆယ်မှ ထွက်ခွာတော့မယ်ဆိုတဲ့ ကောလာဟလတွေအပေါ် တိုနာလီရဲ့အေးဂျင့် တုံ့ပြန်လာ
နယူးကာဆယ်ကွင်းလယ်လူတိုနာလီကို ခေါ်ယူဖို့ အခြားသောပရီးမီးယားလိဂ်ကလပ်အသင်းတွေ စိတ်ဝင်စားနေတယ်ဆိုတာကို သူ့ရဲ့အေးဂျင့်ဖြစ်သူ ဘက်ပီ ရီစိုက အတည်ပြုလိုက်ပါတယ်။
နယူးကာဆယ်အတွက် လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မသေချာတော့လို့ အသက် ၂၅ နှစ်အရွယ် တိုနာလီက ဒီနွေရာသီမှာ အသင်းမှ ထွက်ခွာသွားနိုင်တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။
ဒီနှစ်ဆန်းပိုင်းကတည်းက တိုနာလီကို အာဆင်နယ်၊ မန်ယူ၊ မန်စီးတီးတို့အပြင် အီတလီကလပ်အသင်းတွေနဲ့လည်း အပြောင်းအရွှေ့သတင်းထွက်ခဲ့ဖူးပါတယ်။
Calcio&Finanza နဲ့ အင်တာဗျူးမှာတော့ ရီစိုက တိုနာလီကို ထိပ်တန်းကလပ်တော်တော်များများ အလိုရှိနေကြတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို့ မှန်ကန်တယ်လို့ အတည်ပြုခဲ့ပါတယ်။
“သူဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာရော၊ ကွင်းတွင်းခြေစွမ်းပိုင်းမှာပါ ချန်ပီယံတစ်ဦး ဖြစ်ပါတယ်။"
"ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က တိုနာလီကို အဆင့်အတန်းမြင့်တဲ့ နေရာတစ်ခုဆီ ခေါ်ဆောင်သွားဖို့ပါ။ ဒါက တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ လောင်းကစားကိစ္စကြောင့် ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရတာတွေ ရှိခဲ့ပေမဲ့လည်း နယူးကာဆယ်ဆီပြောင်းရွှေ့ခဲ့တာ မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ခဲ့ပါတယ်။"
"နယူးကာဆယ်ပရိသတ်တွေနဲ့ ကလပ်အသင်းက တိုနာလီအပေါ် တကယ့်ကို အံ့ဩစရာကောင်းလောက်အောင် ကောင်းမွန်ခဲ့ကြပြီး အချိန်တိုင်းမှာ သူ့ကို ဝန်းရံပေးခဲ့ကြပါတယ်” လို့ ၎င်းက ဆိုပါတယ်။
တခြားပရီးမီးယားလိဂ်ကလပ်တွေနဲ့ သတင်းထွက်နေတာနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ “ဟုတ်ပါတယ်၊ ဒါက ကျွန်တော်တို့ဖြစ်စေချင်တဲ့ ပန်းတိုင်ပါပဲ။ အသင်းကြီးတွေက သူ့ကို မျက်စိကျနေတာ သိသာပါတယ်။ သူ တကယ်ကို ခြေစွမ်းပြနေတာပါ။"
"နယူးကာဆယ်ကို ပြောင်းဖို့ ဆုံးဖြတ်ကတည်းက ဒါ ကျွန်တော်တို့ရဲ့ ပန်းတိုင်နဲ့ မျှော်မှန်းချက်ပါ။ တိုနာလီကို ကြယ်ပွင့်ကစားသမားတစ်ဦး ဖြစ်လာစေဖို့နဲ့ တန်ဖိုးအရှိဆုံးအီတလီကစားသမား ဖြစ်လာစေဖို့ပါပဲ” လို့ ရီစိုက ပြောကြားခဲ့ပါတယ်။