ဗယ်လ်ဗာဒီရဲ့စွယ်စုံရအရည်အသွေးကို နည်းပြဘီယဲလ်ဆာချီးကျူး
ဥရုဂွေးလက်ရွေးစင်အသင်းနည်းပြဘီယဲလ်ဆာက ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဗယ်လ်ဗာဒီကို ဘော်လွန်းဒီအော်ဆုရှင် ဖြစ်လာနိုင်တယ်လို့ အခိုင်အမာ ယုံကြည်နေပါတယ်။
ဘီယဲလ်ဆာက ဗယ်လ်ဗာဒီကို ပုံစံတူကစားသမားတွေအနက် ကမ္ဘာ့အကောင်းဆုံးအဖြစ် သတ်မှတ်ထားပါတယ်။
ဥရုဂွေးအသင်းခေါင်းဆောင်နဲ့ပတ်သက်ပြီး နည်းပြက "ဗယ်လ်ဗာဒီက ကွင်းလယ်ဗဟိုမှာတင်မက ကွင်းလယ်ဘယ်ခြမ်းညာခြမ်းတွေမှာလည်း အဆင်ပြေပြေ ကစားနိုင်တယ်။ ကွင်းလယ်မှာဆိုရင်လည်း ကွင်းလယ်ခံစစ်၊ အဲ့ဒီနေရာရဲ့ရှေ့တစ်နေရာ၊ ကွင်းလယ်တိုက်စစ်နေရာအထိ နေရာသုံးခုလုံးကို အခက်အခဲမရှိ ကစားနိုင်ပါတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် "ဗယ်လ်ဗာဒီက အစွန်နောက်ခံလူနေရာမှာရော တောင်ပံကစားသမားအဖြစ်ပါ ကစားခဲ့ဖူးပြီး အားလုံးရဲ့အာရုံစိုက်မှုကို တကယ်ရရှိခဲ့တယ်ဆိုတာကတော့ တောင်ပံကစားသမားအဖြစ် သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပါပဲ" လို့လည်း ဆိုပါတယ်။
ဗယ်လ်ဗာဒီရဲ့စွယ်စုံရအရည်အချင်းနဲ့ပတ်သက်လို့ ဘီယဲလ်ဆာက "သူက ညာတောင်ပံမှတဆင့် အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားကွက်တွေကို ဖန်တီးပေးနိုင်သလို ဘယ်တောင်ပံမှာလည်း ပြေးလွှားဆော့ကစားပြီး ဂိုးဖန်တီးမှုတွေ လုပ်ပေးနိုင်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါက ပီဒရီ၊ ဗီတင်ဟာတို့နဲ့ မတူတဲ့အချက်ပါပဲ။ သူတို့နှစ်ယောက်စလုံးမှာ အဲဒီလို နေရာစုံကစားနိုင်တဲ့ စွမ်းရည်မျိုး မရှိပါဘူး။
ဗယ်လ်ဗာဒီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအနက် တစ်ဦးဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
ဘလွန်းဒီအောဆုနဲ့ ပတ်သက်ပြီးလည်း ဘီယဲလ်ဆာက "ဆုတွေဆိုတာ အသင်းအတွင်း တစ်ဦးချင်းစွမ်းဆောင်ရည်၊ အတူလက်တွဲကစားရတဲ့ အသင်းဖော်တွေနဲ့ ရရှိတဲ့ဆုဖလားတွေအပေါ်မှာ မူတည်ပါတယ်။
သူ့မှာ ကျွန်တော်ပြောခဲ့တဲ့အရည်အချင်းတွေ အကုန်ရှိပေမဲ့ ပြိုင်ဆိုင်မှုတွေလည်း အများကြီး ရင်ဆိုင်ရပါလိမ့်မယ်။ သူ့အသင်းထဲမှာတင် ပြိုင်ဆိုင်မှုတွေ ရှိနေတာပါ။ ဥပမာပြောရရင် ဗင်နီစီးယက်စ်၊ အမ်ဘာပေတို့လို ကစားသမားတွေနဲ့ ယှဉ်ပြိုင်ဖို့ဆိုတာ ခက်ခဲပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။