The network connection is lost.

Banner Image

ကမ္ဘာ့ဖလားမတိုင်ခင် ဂျပန်ကို ရှုံးနိမ့်ခဲ့ပေမဲ့ ဒီရလဒ်ပိုင်းကို အသင်းရဲ့အနာဂတ်အတွက် အဆုံးအဖြတ်ဖြစ်စေမယ်လို့ တူချယ် မယုံကြည်

သောမတ်စ်တူချယ်က ဝင်ဘာလေကွင်းမှာ ဂျပန်အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပေမဲ့ လာမယ့်နွေရာသီ၊ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အခုလိုစခန်းသွင်းလေ့ကျင့်မှုအစီအစဉ်တွေနဲ့ အသင်းရဲ့အရည်အသွေးကို မဆုံးဖြတ်နိုင်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

အခုခြေစမ်းပွဲစဉ်မှာ ဂျပန်အသင်းအတွက် အနိုင်ဂိုးကို မီတိုမာက သွင်းယူပေးခဲ့ပြီး တူချယ်ကတော့ အင်္ဂလန်အသင်းရဲ့ခြေစမ်းပွဲစဉ်နှစ်ခုပါဝင်တဲ့ စခန်းသွင်းလေ့ကျင့်မှုအစီအစဉ်ကို အပြုသဘောဆောင်တဲ့အမြင်နဲ့ တုံ့ပြန်သွားခဲ့ပါတယ်။

"အခြေအနေကတော့ ဒီအတိုင်းပါပဲ။ ဥရုဂွေးနဲ့ပွဲမှာလည်း အမှားအယွင်း သိပ်မရှိဘဲနဲ့ အပြစ်ပေးခံခဲ့ရသလို ဒီနေ့မှာလည်း တစ်ကြိမ်တည်းသော တန်ပြန်တိုက်စစ်မှတဆင့် ဂိုးပေးလိုက်ရပါတယ်"

"ဒါကို ကျွန်တော်တို့ ကြိုသိထားပါတယ်။ အခုလိုရှုံးနိမ့်မှုအပေါ် စိတ်ပျက်မိပေမဲ့ အရာအားလုံးကို ခြုံငုံသုံးသပ်ကြည့်ဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ ကစားသမားတွေက ကလပ်အသင်းတွေနဲ့ ဥရောပပြိုင်ပွဲတွေမှာ အင်တိုက်အားတိုက် ပါဝင်ကစားနေကြပါတယ်။ ပြီးတော့ ကျွန်တော်တို့က စနစ်တကျပြင်ဆင်လာတဲ့ အရည်အချင်းအပြည့် ပြိုင်ဘက်အသင်းနှစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။"

"ဒီစခန်းသွင်းလေ့ကျင့်နေစဉ်အတွင်းမှာပဲ အပြောင်းအလဲကြီးကြီးမားမားတွေ ဖြစ်ခဲ့ပြီး ရုတ်တရက်ဆိုသလို ကစားသမားခုနစ်ဦး၊ ရှစ်ဦးလောက် အသင်းမှ ပြန်ထွက်ခွာသွားခဲ့ပါတယ်။ ဒါ ဆင်ခြေပေးတာ မဟုတ်ပါဘူး။ အရာအားလုံး ဘာကြောင့်ချောချောမွေ့မွေ့မဖြစ်သလဲဆိုတာကို ရှင်းပြတာပါ။ ခံစစ်အစွန်လူတွေကို အသုံးမချဘဲ ကစားကွက်ကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် လုပ်ဆောင်ခဲ့မှုကြောင့် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ခက်ခဲအောင် လုပ်မိသလို ဖြစ်သွားပါတယ်။"

"အခွင့်အရေးတွေရလာချိန် ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ဒီလိုအခြေအနေမှတဆင့် သင်ခန်းစာယူဖို့ အရေးကြီးပါတယ်။ ဒီစခန်းသွင်းလေ့ကျင့်မှုက ကျွန်တော်တို့အသင်းရဲ့အနာဂတ်ကို အဆုံးအဖြတ်မပေးပါဘူး။"လို့ တူချယ်က ဆိုပါတယ်။

အင်္ဂလန်အသင်းမှာ ဒဏ်ရာကြောင့် အသင်းခေါင်းဆောင်ဟယ်ရီကိန်း မပါဝင်နိုင်ခဲ့ဘဲ သူ့ရဲ့လိုအပ်ချက်ကို သိသိသာသာ ခံစားခဲ့ရတယ်လို့လည်း တူချယ်က ဝန်ခံခဲ့ပါတယ်။

"ဟယ်ရီကိန်းမရှိချိန် ကျွန်တော်တို့မှာ အရင်လိုခြိမ်းခြောက်နိုင်စွမ်း ရှိသလားဆိုရင် ဘိုင်ယန်မြူးနစ်လည်း မရှိသလို ကမ္ဘာပေါ်က ဘယ်အသင်းမှာမှလည်း ရှိမှာမဟုတ်ပါဘူး။ ဒါ သဘာဝပါပဲ၊ အသင်းတွေက ထိပ်တန်းကစားသမားတွေကို မှီခိုကြရတာပါ။"

"ဟာရီကိန်း မပါဝင်နိုင်လို့ ကစားသမားတစ်ဦးတင်မက အသင်းကို ဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ ဆုံးရှုံးလိုက်ရပါတယ်။ ပြီးတော့ ဆာကာ၊ မာဒူကီ၊ ဒီကလန်ရိုက်စ်နဲ့ ဂျွန်စတုန်းစ်တို့လည်း မပါဝင်နိုင်ခဲ့ပါဘူး။ သူတို့တွေက ဒီအုပ်စုရဲ့ အဓိကအင်အားစုတွေနဲ့ မောင်းနှင်အားတွေ ဖြစ်ပါတယ်။"

"ဒါက ကျွန်တော်တို့ကို သက်ရောက်မှုရှိတာ သဘာဝပါပဲ။ ဟာရီကိန်း မပါဘဲနဲ့လည်း ကျွန်တော်တို့ နိုင်နိုင်ပါတယ်၊ အနိုင်ရခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူပါရင်တော့ အရာအားလုံးက ပိုလွယ်ကူသွားပါတယ်။"လို့ တူချယ်က ဆက်ပြောပါတယ်။

တူချယ်က ဂျပန်အသင်းရဲ့ စိန်ခေါ်မှုကို အသိအမှတ်ပြုခဲ့ပေမဲ့ သူ့အသင်းဆီမှ အခုထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး မျှော်လင့်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော် မျှော်လင့်ထားသလိုပါပဲ၊ ဂျပန်က အရမ်းကို စနစ်တကျရှိတဲ့ အသင်းပါ။ တောင်ပံမှ အလယ်ဆီ ဆွဲဝင်တာတွေ၊ လူပေးတာတွေကအစ အားလုံး ပြည့်စုံပါတယ်။ ကျွန်တော်တို့ ဂိုးမပေးရအောင် ဒီထက်ပိုပြီး ကာကွယ်သင့်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အဓိကတာဝန်ပါ။ ပွဲကိုတော့ ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ သူတို့ ဘယ်လောက်ကောင်းသလဲဆိုတာ ကျွန်တော် သိပါတယ်၊ ဒါကိုလည်း ကြိုတင် သတိထားခဲ့ကြပါတယ်။ အခြေအနေကတော့ ဒီလောက်ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။