အင်္ဂလန်အသင်းကနေ နုတ်ထွက်သွားကြတဲ့ အာဆင်နယ်ကြယ်ပွင့်တွေကို သတိပေးစကားပြောဖို့ ဟာရီကိန်းကို အဂွန်လာဟော တိုက်တွန်း
ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဂတ်ဘီ အဂွန်လာဟောက ဒီတစ်ပတ်အတွင်း အင်္ဂလန်လက်ရွေးစင်အသင်းကနေ နုတ်ထွက်သွားကြတဲ့ အာဆင်နယ်ကစားသမားတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်တာပါ။
အာဆင်နယ်ကစားသမား မာတင် ဇူဘီမန်ဒီဟာ ပြီးခဲ့တဲ့အပတ်က မြောက်လန်ဒန်ကို ပြန်လာခဲ့ကြတဲ့ ကစားသမား ၁၂ ဦးထဲမှာ ပါဝင်သွားခဲ့ပြီး အခုလည်း သူ့ရဲ့လက်ရွေးစင်အသင်းကနေ နောက်ဆုံးမှ နုတ်ထွက်သွားသူ ဖြစ်ပါတယ်။
လာမယ့် အင်္ဂါနေ့ညမှာ ဂျပန်အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲအတွက် ဘူကာယို ဆာကာ၊ ဒက်ကလန် ရိုက်စ်နဲ့ နိုနီ မာဒူအက်ကီတို့ဟာ အင်္ဂလန်အသင်းကနေ နုတ်ထွက်သွားကြပါတယ်။
သူတို့တွေရဲ့ ဒဏ်ရာအခြေအနေဟာ ဘယ်လောက်အထိ ပြင်းထန်သလဲဆိုတာကို လူအများက သံသယဖြစ်နေကြသလို၊ ဝေဖန်သူတွေကလည်း အာဆင်နယ်နည်းပြ အာတီတာက မလိုအပ်ဘဲ ဒဏ်ရာရမှာစိုးလို့ သူ့ကစားသမားတွေကို အကာအကွယ်ပေးနေတာလို့ သုံးသပ်နေကြပါတယ်။
အဂွန်လာဟောက talkSPORT ကနေတစ်ဆင့် ပြောကြားရာမှာတော့ လာမယ့်နွေရာသီ ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံးပွဲစဉ်ကို မကစားဘဲ ရှောင်ထွက်သွားကြတဲ့ အာဆင်နယ်ကစားသမားတွေကို အင်္ဂလန်အသင်းခေါင်းဆောင်ကနေတစ်ဆင့် ပြောပြပေးဖို့ တိုက်တွန်းခဲ့တာပါ။
"ကျွန်တော်တစ်ခုပြောမယ်၊ ကစားသမားတွေအနေနဲ့ အခုလိုမျိုး နုတ်ထွက်တာတွေကို ရပ်တန့်သင့်ပါပြီ။ နိုင်ငံအတွက် ကစားပေးရတာဟာ ဂုဏ်ယူစရာတစ်ခုပါ။ ကျွန်တော်သာ ဟာရီကိန်းဆိုရင် ဒီကိစ္စကို ထုတ်ပြောမှာဖြစ်ပြီး 'လုပ်ကြပါဦးကွာ၊ လွန်ခဲ့တဲ့ လေးငါးနှစ်တုန်းကလို ကစားသမားတွေ တောက်လျှောက် နုတ်ထွက်နေတဲ့ အခြေအနေမျိုးကို ပြန်မရောက်စေချင်ဘူး' လို့ ပြောမိမှာပါ။ အာတီတာအနေနဲ့လည်း ဆုဖလားတွေရဖို့အတွက် အစွမ်းကုန် ကြိုးစားနေတာကို ကျွန်တော် နားလည်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေအပြီး သူတို့ရဲ့ နောက်ပွဲစဉ်က ဆောက်သမ်တန်နဲ့ ကစားရမယ့် FA ဖလားပွဲ ဖြစ်နေတာကိုး" လို့ အဂွန်လာဟောက ပြောပါတယ်။
"နိုင်ငံတကာပွဲစဉ်တွေကနေ အခုလို ကစားသမားတွေ နုတ်ထွက်တာကို ကျွန်တော် လုံးဝ သဘောမကျပါဘူး။ နိုင်ငံအတွက် ကစားပေးရတာ ဂုဏ်ယူစရာပါ၊ အခုလို လုပ်ရပ်ကတော့ ကျွန်တော့်အတွက် စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေစေပါတယ်" လို့လည်း သူက ဆိုပါတယ်။
BBC ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ကလပ် ၂၀ ကနေ လက်ရွေးစင်အသင်းတွေဆီ ခေါ်ယူခံရတဲ့ ကစားသမား စုစုပေါင်း ၂၂၈ ဦး ရှိခဲ့ပါတယ်။ အဲဒီထဲက ၂၃ ဦးကတော့ ပြန်လည်နုတ်ထွက်သွားခဲ့ပြီး အဲဒီအထဲမှာ ထက်ဝက်နီးပါးက အာဆင်နယ်ကစားသမားတွေ ဖြစ်နေပါတယ်။