ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ဆင်နွှဲဖို့ သေချာသလောက်ဖြစ်နေတဲ့ အင်္ဂလန်အခြေစိုက် ဂျာမန်တိုက်စစ်မှူးနှစ်ဦး
အင်္ဂလန်ပရီးမီးယားလိဂ်ကလပ်တွေမှာ ကစားနေကြတဲ့ ဝေါ်လ်တီမိတ်နဲ့ ကိုင်ဟားဗက်ဇ်တို့က အမေရိကန်ဆီသွားရောက်ရမယ့် လူစာရင်းမှာ ပါဝင်ဖို့ ရှိနေပေမယ့် အွန်ဒက်ဗ်ကတော့ သူ့အရည်အချင်းတွေကို နာဂယ်စ်မန်းသဘောကျလာအောင် ဖိအားတွေအောက်မှ ကြိုးစားသွားရပါဦးမယ်။
Sky Germany ရဲ့ သတင်းရင်းမြစ်တွေအရ နစ်ခ်ဝေါ်လ်တီမိတ်နဲ့ ကိုင်ဟားဗက်ဇ်တို့သာ ဒဏ်ရာပြဿနာကင်းစင်နေမယ်ဆိုရင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂျာမနီအသင်းမှာ သေချာပေါက်ပါဝင်လာမယ်လို့ သိရပါတယ်။
နာဂယ်စ်မန်းက ဝေါ်လ်တီမိတ်နဲ့ မကြာသေးခင်ကပဲ ဖုန်းဆက်စကားပြောခဲ့ပြီး နယူးကာဆယ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပေမဲ့ ကစားသမားအပေါ် အပြည့်အဝ ယုံကြည်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာလည်း ကိုင်ဟားဗက်ဇ်က နာဂယ်စ်မန်း အထူးသဘောကျတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး တိုက်စစ်မှူးအဖြစ်ရော၊ ကွင်းလယ်တိုက်စစ်နေရာမှာပါ ကစားနိုင်လို့ အသင်းအတွက် ပုံစံမျိုးစုံအသုံးပြုနိုင်မယ့်သူ ဖြစ်ပါတယ်။
ဒန်းနစ်အွန်ဒက်ဗ်ကတော့ စတုဂတ်အသင်းမှာ ကစားသမားဘဝ၊ အကောင်းဆုံးဘောလုံးရာသီကို ဖြတ်သန်းနေပေမဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ဖို့အတွက် ဂျာမနီနည်းပြဆီမှာ သူ့ကိုယ်သူ သက်သေပြဖို့ လိုနေပါသေးတယ်။
Sky ရဲ့ ဖော်ပြချက်အရ လက်ရွေးစင်အသင်းရဲ့ကစားဟန်က စတုဂတ်အသင်းနဲ့ အတော်လေးကွာခြားနေလို့ နာဂယ်စ်မန်းရဲ့လက်အောက် အွန်ဒက်ဗ်ရဲ့အခန်းကဏ္ဍ ဘယ်လိုရှိမလဲဆိုတာ ရှင်းရှင်းလင်းလင်းမဖြစ်သေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် နာဂယ်စ်မန်းက ပွဲစဉ်ရဲ့အဆုံးအဖြတ်အခိုက်တွေမှာ အမြင့်ဘောအားသာတဲ့ အစဉ်အလာတိုက်စစ်မှူးတစ်ဦး ပါဝင်ဖို့ အရေးကြီးတယ်လို့ ယူဆထားမှုကြောင့် ဖူးလ်ခရက်ချ် သို့မဟုတ် ကလိန်းဒီယန် တစ်ဦးဦးကို ခေါ်ယူဖို့လည်း စီစဉ်နေပါတယ်။
ဖူးလ်ခရက်ချ်ရဲ့ အားသာချက်ကတော့ ပြိုင်ပွဲကြီးတွေမှာ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံဖြစ်ပြီး ကလိန်းဒီယန်ကတော့ ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် အနားယူနေရပေမဲ့ ကမ္ဘာ့ဖလားကစားခွင့်ရဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။
နာဂယ်စ်မန်းကတော့ ဒီတိုက်စစ်မှူးနှစ်ဦးလုံးနဲ့ မကြာသေးခင်ကပဲ စကားပြောဆိုခဲ့ပါတယ်။