ဆော်ဒီမှာ ယဉ်ကျေးမှုဆိုင်ရာ ပြယုဂ်တစ်ခုဖြစ်လာဖို့သာ ကြိုးစားသင့်တယ်လို့ မိုဆာလက်ဆီ တိုက်တွန်းလိုက်တဲ့ ဘဏ္ဍာရေးကျွမ်းကျင်သူ
အားကစားဘဏ္ဍာရေးကျွမ်းကျင်သူ ရော့ဘ်ဝီလ်ဆင်က လီဗာပူးကြယ်ပွင့် မိုဟာမက်ဆာလက်ကို ဆော်ဒီပရိုလိဂ်ဆီပဲ ပြောင်းရွှေ့ဖို့ ဦးတည်ထားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ်ကစားသမားက အခုရာသီအကုန်မှာ လီဗာပူးအသင်းနဲ့ လမ်းခွဲဖို့ သဘောတူညီမှုရရှိထားပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ရှိနေပါတယ်။ ဒါက အသင်းရဲ့ ဂန္ထဝင်ကစားသမားကို နှုတ်ဆက်ရတော့မယ့် လီဗာပူးပရိသတ်တွေအတွက်တော့ တကယ့်ကို အံ့အားသင့်စရာ သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
အီဂျစ်ဘုရင်ကြီးက ပြီးခဲ့တဲ့ရာသီတွေမှာလည်း ဆော်ဒီလိဂ်ဆီပြောင်းရွှေ့မယ့်သတင်းတွေ အကြိမ်ကြိမ် ထွက်ခဲ့ဖူးသလို၊ အခုအချိန်မှာတော့ အမေရိကန်မေဂျာလိဂ်ထိပ်သီး အင်တာမီယာမီကပါ သူ့ကို စိတ်ဝင်စားနေလို့ အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်အကြား ဘယ်သွားမလဲဆိုတာ ရွေးချယ်စရာ ဖြစ်လာပါတယ်။
BettingLounge နဲ့ အင်တာဗျူးမှာတော့ အားကစားဘဏ္ဍာရေးကျွမ်းကျင်သူ ရော့ဘ်ဝီလ်ဆင်က မိုဆာလက်အတွက် မေဂျာလိဂ်ဆီပြောင်းရွှေ့မယ့်အစီအစဉ်ကို ရှောင်ကြဉ်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။
"ကျွန်တော်တို့က မိုဆာလက်ကို ရော်နယ်လ်ဒိုထက်စာရင် လီယွန်နယ်မက်ဆီလို ကစားသမားမျိုးနဲ့ နှိုင်းယှဉ်နေကြတာပါ။ ဆော်ဒီလိဂ်နဲ့ယှဉ်ရင် မေဂျာလိဂ် က ကမ္ဘာတစ်ဝှမ်း ပိုပြီး လူသိများတာတော့ အမှန်ပါပဲ။ မက်ဆီက အဲဒီစနစ်ရဲ့ ဗဟိုချက်ဖြစ်နေပြီး သူ့ကိုအခြေခံပြီး အကုန်လုံးတည်ဆောက်ထားတာပါ။ မိုဆာလက်လိုအဆင့်အတန်းရှိတဲ့ ကစားသမားတစ်ဦးအတွက်တောင် အဲဒီလို စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုမျိုးကို နောက်တစ်ကြိမ် ထပ်တူဖြစ်အောင်လုပ်ဖို့ဆိုတာ တကယ့်ကို ခက်ခဲပါလိမ့်မယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေအရလည်း ခက်ခဲနိုင်ပါတယ်" လို့ သူက ဆိုပါတယ်။
"ဒါထက် ပိုအရေးကြီးတာက မိုဆာလက်ရဲ့ယဉ်ကျေးမှုဆိုင်ရာအံဝင်ခွင်ကျဖြစ်မှုက မြောက်အမေရိကထက်စာရင် အရှေ့အလယ်ပိုင်းမှာ ပိုပြီး အားကောင်းပါတယ်။ မေဂျာလိဂ်မှာဆိုရင် သူက ကမ္ဘာကျော်ကြယ်ပွင့်တစ်ဦးလောက်ပဲ ဖြစ်နိုင်ပေမဲ့ ဆော်ဒီမှာဆိုရင်တော့ ယဉ်ကျေးမှုဆိုင်ရာပြယုဂ်တစ်ခုလို ဖြစ်လာပါလိမ့်မယ်။ မေဂျာလိဂ်က တည်ငြိမ်မှု၊ လူသိများမှုနဲ့ အစဉ်အလာကောင်းတွေကို ပေးနိုင်ပေမဲ့ ဆော်ဒီအာရေဗျကတော့ မိုဆာလက်အတွက် ပိုကြီးမားတဲ့ အတိုင်းအတာ၊ အံဝင်ခွင်ကျဖြစ်မှုနဲ့ နောက်ဆုံးမှာ ဘောလုံးအမှတ်တံဆိပ် (football brand) တစ်ခုရဲ့ အဓိပ္ပာယ်ကို ပြန်လည်ပုံဖော်နိုင်မယ့် အခွင့်အလမ်းကောင်းတွေကို ပေးစွမ်းနိုင်ပါလိမ့်မယ်" လို့ ဝီလ်ဆင်က ဆက်ပြောပါတယ်။
မိုဆာလက်သာ ဆော်ဒီဆီ ပြောင်းရွှေ့မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း သိသိသာသာတိုးတက်လာတဲ့ အဲဒီလိဂ်မှာ ကရင်ဘန်ဇီမာ၊ စီရော်နယ်လ်ဒိုတို့လို ကစားသမားတွေနဲ့အတူ ပူးပေါင်းပြီး သူ့ရဲ့ကစားသမားဘဝကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်နိုင်ဖို့ ကြိုးစားခွင့် ရှိနေပါတယ်။