ဗယ်လ်ဗာဒီကို ၁၂ ပွဲပယ်ပြစ်ဒဏ်ပေးသင့်တယ်လို့ ဘာစီလိုနာဒါရိုက်တာဟောင်း အခိုင်အမာပြော
ဘာစီလိုနာဒါရိုက်တာဟောင်း တိုနီဖရိတ်ဆာက မနေ့ညကပွဲမှာ အနီကတ်ပြခံခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ ဖီဒီဗယ်ဗာဒီကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပါတယ်။
အက်သလက်တီကိုမက်ဒရစ်နဲ့ ဒါဘီပွဲစဉ်မှာ ဗယ်ဗာဒီ အထုတ်ခံရတာက ပြင်းထန်လွန်းတယ်လို့ ဘောလုံးဝေဖန်သူအများစုက ပြောဆိုနေကြပေမဲ့ ဖရိတ်ဆာကတော့ သူတို့နဲ့ ဆန့်ကျင်ဘက် သဘောထားမျိုး ရှိနေခဲ့တာပါ။
ဖရိတ်ဆာက သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ " 'စစ်သားလေး ဗယ်ဗာဒီကို ကယ်တင်ကြ' ဆိုတဲ့ လှုံ့ဆော်မှုတွေ စတင်လာနေပြီ။ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ ယုတ်မာစွာ လုပ်ဆောင်ခဲ့တာကြောင့် သူ့ကို ၁၂ ပွဲအထိ ပွဲပယ်ပြစ်ဒဏ် ချမှတ်သင့်တယ်" လို့ ရေးသားဖော်ပြခဲ့ပါတယ်။
တစ်ဖက်မှာလည်း ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီဆုံးဖြတ်ချက်အပေါ် အယူခံဝင်ဖို့ စကားသံတွေ ထွက်ပေါ်နေပါတယ်။ အဲလက်စ်ဘေနာအပေါ် ဗယ်ဗာဒီရဲ့ ဖျက်ထုတ်ပုံကြောင့် ပွဲကစားချိန် ၇၇ မိနစ်မှာ အုရုဂွေးကွင်းလယ်လူဟာ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရတာပါ။
ရီးရဲလ်အသင်း တာဝန်ရှိသူတွေကတော့ အခုလို အနီကတ်ပြလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ဒီကစားသမားနှစ်ယောက်ကြားက အရင်ကရှိခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ရေးပတ်သက်မှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။