The network connection is lost.

Banner Image

မျှော်လင့်ထားတာထက် ပိုမိုစွမ်းဆောင်ပြနိုင်တဲ့ ဟယ်ရီကိန်းလို့ ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌဟိုးနက်စ်ချီးကျူး၀န်ခံ

ဘိုင်ယန်မြူးနစ်အသင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌအူလီဟိုးနက်စ်က တိုက်စစ်မှူးဟယ်ရီကိန်းနဲ့ပတ်သက်လို့ မျှော်လင့်ထားတာထက် ပိုမိုစွမ်းဆောင်ပြနိုင်သူပဲလို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ယနေ့ခေတ်ဘောလုံးလောကရဲ့ကစားသမားပြောင်းရွှေ့ကြေးတွေ အဆမတန်မြင့်တက်နေမှုကို အမြဲလိုလိုဝေဖန်လေ့ရှိတဲ့ ဟိုးနက်စ်က ဟယ်ရီကိန်းကိုသာ နောက်တစ်ကြိမ် ပြန်ဝယ်ရမယ်ဆိုရင် ယူရို သန်း ၁၅၀ အထိ ကျေကျေနပ်နပ်ကြီး ပေးချေသွားမယ်လို့ ဆိုပါတယ်။

တော့တင်ဟမ်ကပ္ပတိန်းဟောင်းနဲ့ပတ်သက်ပြီး ၎င်းက "အစတုန်းကတော့ လူအတော်များများက ယူရို သန်း ၁၀၀ ဆိုတာ ရူးချင်စရာပဲလို့ ထင်ခဲ့ကြပါတယ်။ ပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုပဲ ထင်ခဲ့တာပါ"

"ဒါပေမဲ့ ဒီနေ့မှာတော့ သူ့ကို သန်း ၁၅၀ နဲ့ဆိုရင်တောင် ဝယ်ယူပါမယ်။ သူက ဘိုင်ယန်မြူးနစ်အတွက်တော့ အိပ်မက်တစ်ခုလိုပါပဲ" လို့ ပြောပါတယ်။

"ဟယ်ရီကိန်းက ကမ္ဘာကျော်ဖြစ်သလို စိတ်နေစိတ်ထားလည်း ကောင်းမွန်ပြီး ကျွန်တော်တို့ လူငယ်တွေအတွက် စံပြပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူက လူငယ်လေးတွေကို ရင်းရင်းနှီးနှီးနဲ့ ဘောလုံးဘယ်လိုကန်ရမလဲဆိုတာကိုပါ သင်ပြပေးလေ့ရှိပါတယ်" လို့ ဆိုပါတယ်။

ဟယ်ရီကိန်းက ၂၀၂၃ ခုနှစ်၊ ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိလာပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံ ၁၃၅ ပွဲ ကစားပေးထားရာမှာ ၁၃၂ ဂိုး သွင်း၊ ဂိုးဖန်တီးမှု ၃၁ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။