မိုဆာလက်ကို အသင်းမှထွက်ခွာခွင့်ပေးဖို့ လီဗာပူးဆီ တိုက်တွန်းခဲ့တဲ့ ဆောင်းနက်စ်
လီဗာပူးဂန္ထဝင်ကစားသမားကြီးဆောင်းနက်စ်က မိုဟာမက်ဆာလက်ကို အခုနွေရာသီမှာ အန်ဖီးလ်မှ ထွက်ခွာသွားသင့်ပြီလို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့စနေနေ့၊ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ဆောင်းနက်စ်က အခုလိုမျိုး မှတ်ချက်ပေးခဲ့တာပါ။
Daily Mail နဲ့တွေ့ဆုံချိန် ဆောင်းနက်စ်က "မိုဆာလက်ရဲ့ အကောင်းဆုံးပုံစံတွေက အတိတ်မှာ ကျန်ရစ်ခဲ့ပြီဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒီအချက်ကို ကိုယ်တိုင်ပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။ ဒါကလည်း လူတိုင်းမှာ ဖြစ်လေ့ရှိတဲ့ သဘာဝပါ။
အရင်လိုတောက်ပတဲ့ကစားဟန်မျိုး ကျွန်တော် မတွေ့ရတော့ဘူး။ လီဗာပူးအသင်းရဲ့ရလဒ်တွေ ယိုင်နဲ့နေရတဲ့ အဓိကအကြောင်းရင်းကို ရှာမယ်ဆိုရင် သူ ဂိုးတွေအများကြီး မသွင်းနိုင်တော့တာလည်း ပါဝင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။
သူဟာ လွန်ခဲ့တဲ့ခြောက်နှစ်၊ ခုနစ်နှစ်လောက်ကတည်းက လီဗာပူးရဲ့အားထားရတဲ့ကစားသမား ဖြစ်ခဲ့တာပါ။ အခြေအနေမကောင်းတဲ့ ပွဲစဉ်တွေကို အကောင်းဆုံး ပြောင်းလဲပေးနိုင်ခဲ့သလို ရာသီတိုင်းမှာလည်း မယုံနိုင်လောက်အောင် ဂိုးတွေ အများကြီးသွင်းယူပေးခဲ့ပါတယ်။
မိုဆာလက်ဆိုတာ ထူးချွန်ထက်မြက်လွန်းသူပါ၊ လီဗာပူးရဲ့ဂန္ထဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အကောင်းဆုံးအချိန်တွေကတော့ ကုန်ဆုံးသွားပါပြီ" လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။