ဗယ်လ်ဗာဒီရဲ့အနီကတ်ပြစ်ဒဏ်အတွက် ဒေါသအိုးပေါက်ကွဲခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ အာဘီလိုအာ
မြို့ခံပြိုင်ဘက်အက်သလက်တီကိုမက်ဒရစ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဗယ်လ်ဗာဒီကို တိုက်ရိုက်အနီကတ်ပြသဖို့ ဆုံးဖြတ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ် ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာက အလွန်အမင်း ဒေါသထွက်ခဲ့ပါတယ်။
အာဘီလိုအာရဲ့အသင်းက မြို့ခံပြိုင်ဘက်ကို အနိုင်ရရှိခဲ့လို့ အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ ဘာစီလိုနာနဲ့ လေးမှတ်အကွာအနေအထားကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အရာအားလုံး စိတ်ကူးထားသလို ဖြစ်မလာခဲ့ဘဲ ရီးရဲလ်မက်ဒရစ်အတွက် ဒုတိယဂိုးသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူဗယ်လ်ဗာဒီက ပွဲကစားချိန် ၇၇ မိနစ်မှာ တိုက်ရိုက်အနီကတ်ပြစ်ဒဏ်နဲ့အတူ ထုတ်ပယ်ခံခဲ့ရပါတယ်။
အသက် ၂၇ နှစ်အရွယ်ကစားသမားက အဲလက်စ်ဘေနာအပေါ် ကစားပုံကြမ်းတမ်းခဲ့တယ်ဆိုတဲ့ စွဲချက်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး အာဘီလိုအာကတော့ ကွင်းလယ်ဒိုင်ဟိုဆေးလူးဝစ်မူနူအဲရာကိုဒေါသထွက်နေခဲ့ပါတယ်။
ဒိုင်လူကြီးက အာဘီလိုအာကို စကားပြောဖို့ ကွင်းဘေးဆီရောက်လာချိန် အာဘီလိုအာက "ခင်ဗျား ဒါကို နောက်မှ ပြန်ကြည့်လိုက်ပါ၊ နောက်ပိုင်းကျရင် ပြန်ကြည့်လိုက်ဦး" လို့ အကြိမ်ကြိမ် ပြောဆိုနေခဲ့ပါတယ်။