The network connection is lost.

Banner Image

တန်းဆင်းဇုန်အန္တရာယ်ပိုမိုစိုးရိမ်ရလာချိန် နည်းပြကွာစနီယော့ခ်ကို ရာထူးမှ ထုတ်ပယ်လိုက်တဲ့ ကိုလုံး

ဘွန်ဒက်စ်လီဂါကလပ်အသင်း ကိုလုံးက နည်းပြချုပ်ဖြစ်သူ လူးကပ်စ်ကွာစနီယော့ခ်နဲ့ လမ်းခွဲလိုက်ပြီလို့ တနင်္ဂနွေနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါက ဂျာမန်ချန်ပီယံ ၃ ကြိမ်ဖြစ်ခဲ့ဖူးတဲ့ ကိုလုံးအသင်းအတွက် ဆယ်စုနှစ်တစ်ခုတာကာလအတွင်း ၁၀ ကြိမ်မြောက် နည်းပြပြောင်းလဲမှုလည်း ဖြစ်ပါတယ်။

စနေနေ့၊ ရိုင်းဒါဘီ (Rhine derby) ပြိုင်ဘက် မိုချန်ဂလာဘတ်နဲ့ပွဲစဉ်မှာ တစ်ဖက်သုံးဂိုးစီသရေကျပြီးနောက် ကိုလုံးက အခုလိုမျိုး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်ရလဒ်ပိုင်းကြောင် ကိုလုံးက ရာသီကုန်ဖို့ ခုနစ်ပွဲသာကျန်ရှိချိန် တန်းဆင်း/တန်းတက်ပလေးအော့ဖ်နေရာမှာရှိနေတဲ့ စိန့်ပေါ်လီထက် နှစ်မှတ်သာ အသာရရှိထားပါတယ်။

ပိုလန်နွယ်ဖွားနည်းပြ ကွာစနီယော့ခ်က အခုရာသီ၊ တန်းတက်လာတဲ့ ကိုလုံးအသင်းကို ပြီးခဲ့တဲ့ဇွန်လအတွင်း စတင်တာဝန်ယူခဲ့ပေမယ့် နောက်ပိုင်းမှာ ရလဒ်ပိုင်းဆိုးရွားနေမှုနဲ့အတူ ရာထူးမှဖယ်ရှားခံခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ်၊ နည်းပြဟောင်းစတိုဂါထွက်ခွာသွားပြီးနောက်ပိုင်း ကိုလုံးက နည်းပြနေရာခိုင်မြဲမှုအတွက် ရုန်းကန်နေရပြီး အဲ့ဒီကာလအတွင်း ဘော်မ်ဂတ်တစ်ဦးတည်းကသာ ကိုလုံးနည်းပြအဖြစ် နှစ်ရာသီထက်ပိုမိုကြာမြင့်အောင် တာဝန်ယူနိုင်ခဲ့ပါတယ်။

"အားတက်သရောကစားခဲ့ကြပေမဲ့ အသင်းရဲ့တိုးတက်မှု သိသိသာသာကျဆင်းလာနေတယ်ဆိုတာကို မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့ ရမှတ်တွေ အရမ်းနည်းနေမှုက ငြင်းဆန်လို့မရတဲ့ လက်တွေ့အခြေအနေပါပဲ" လို့ ကိုလုံးရဲ့စီမံခန့်ခွဲမှုဒါရိုက်တာသောမတ်စ်ကက်စလာက ပြောကြားခဲ့ပါတယ်။

လတ်တလောမှာတော့ လက်ထောက်နည်းပြဖြစ်တဲ့ရီနေးဝဂ်နာက ရှေ့လာမယ့် ပွဲစဉ်တွေမှာ ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားပါလိမ့်မယ်။