ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါလို့ မြူးနစ်မြေရှုံးနိမ့်မှုအပြီး ဝန်ခံပြောဆိုလိုက်တဲ့ အတ္တလန္တာနည်းပြပယ်လာဒီနို
အတ္တလန္တာနည်းပြပယ်လာဒီနိုက ချန်ပီယံလိဂ်မှာ အပြတ်အသတ်အနိုင်ယူသွားတဲ့ ပြိုင်ဘက်ဘိုင်ယန်မြူးနစ်ကို "ကမ္ဘာ့အကောင်းဆုံးအသင်း" လို့ ပွင့်ပွင့်လင်းလင်း ချီးကျူးစကားဆိုခဲ့ပါတယ်။
အီတလီစီးရီးအေကလပ်အသင်းအတွက် ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်းရလဒ် ၁၀-၂ ဂိုးဖြင့် ဂိုပြတ်ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပွဲစဉ်တွေက သင်ခန်းစာယူစရာ အတွေ့အကြုံတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒုတိယအကျော့ပွဲစဉ်အပြီး အတ္တလန္တာနည်းပြပယ်လာဒီနိုက ကွန်ပနီကိုင်တွယ်နေတဲ့အသင်းနဲ့ပတ်သက်လို့ အခုလိုပဲ ချီးကျူးပြောကြားခဲ့ပါတယ်။
"ဘိုင်ယန်မြူးနစ်အသင်းနဲ့ နည်းပြ ဗင်းဆင့်ကွန်ပနီတို့ကို ဂုဏ်ပြုသလို ရှေ့ဆက်ပွဲစဉ်တွေမှာလည်း ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ကျွန်တော်တို့ဘက်ကလည်း အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ ရရှိလာတဲ့ ရလဒ်ကိုတော့ နှိမ့်ချစွာပဲ လက်ခံသွားဖို့ရှိသလို ပြိုင်ဘက်ကိုလည်း ချီးကျူးရပါလိမ့်မယ်။ ဒီပွဲစဉ်နှစ်ခုမှတဆင့် ကျွန်တော်တို့တွေ သင်ခန်းစာ အများကြီးရရှိခဲ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
လက်ရှိမှာ ဘိုင်ယန်မြူးနစ်က ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရမယ့် ကွာတားဖိုင်နယ်အဆင့်ဆီ တက်လှမ်းသွားခဲ့ပါပြီ။