The network connection is lost.

Banner Image

အသက်-၃၉ နှစ်အရွယ်မှာပဲ ကစားသမားဘဝမှ အနားယူသွားတဲ့ ယူနိုက်တက်ဂိုးသမားဟောင်း ရိုမဲရိုး

မန်ချက်စတာယူနိုက်တက်နဲ့ မိုနာကို ဂိုးသမားဟောင်း ဆာဂျီယို ရိုမဲရိုးဟာ အသက် ၃၉ နှစ်အရွယ်မှာ ကစားသမားဘဝကနေ အနားယူလိုက်ပါပြီ။ အာဂျင်တီးနား လက်ရွေးစင်ကစားသမားဖြစ်သလို ၂၀၁၄ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တဲ့ ရိုမဲရိုးဟာ အသင်းလက်မဲ့ဖြစ်နေပြီးနောက် အခုလို အနားယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း L'Équipe သတင်းဌာနက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။ ရိုမဲရိုးဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ က ဘွေနိုအေးရိစ်ပြည်နယ်က ရေးဆင်း အသင်းမှာ သူ့ရဲ့ ကစားသမားဘဝကို စတင်ခဲ့တာပါ။ အဲဒီနောက် အယ်လ်ခမာ အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ဒတ်ခ်ျလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး သူဟာ ဆမ်ဒိုးရီးယားအသင်းမှာ ကစားခဲ့သလို ၂၀၁၃-၂၀၁၄ ရာသီမှာ မိုနာကိုအသင်းဆီ ခေတ္တအငှားသွားကစားရာမှာ ၉ ပွဲသာ ပါဝင်ခွင့်ရခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိခဲ့ပါတယ်။ မန်ယူအသင်းနဲ့အတူ ၂၀၁၇ ခုနှစ်မှာ ယူရိုပါလိဂ်ဖလား ရရှိခဲ့ပြီး ကလပ်အသင်းတွေအတွက် စုစုပေါင်း ၃၇၁ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။

လက်ရွေးစင်အသင်းနဲ့ ပတ်သက်လို့ သူဟာ ၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်မှာ ရွှေတံဆိပ်ရရှိခဲ့သူဖြစ်ပြီး သူ့ကို လက်ရွေးစင်အသင်းဆီ ပထမဆုံး စတင်ခေါ်ယူခဲ့သူကတော့ ဒယေဂို မာရာဒိုနာပဲ ဖြစ်ပါတယ်။ ရိုမဲရိုးဟာ လက်ရွေးစင်အသင်းအတွက် ၉၆ ပွဲ ကစားပေးခဲ့ပြီး ၂၀၁၀ နဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ကစားခဲ့ပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် နယ်သာလန်နဲ့ပွဲစဉ်မှာတော့ ဂိုးမရှိသရေကျခဲ့ပြီးနောက် ပင်နယ်တီအဆုံးအဖြတ်မှာ သူဟာ အစွမ်းပြနိုင်ခဲ့ကာ အာဂျင်တီးနားက ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ လီယွန်နယ် မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ အဲဒီနှစ် ဗိုလ်လုပွဲမှာတော့ ဂျာမနီကို အချိန်ပိုမှာ ၁-၀ ဂိုးနဲ့ ကံဆိုးစွာ ရှုံးနိမ့်ခဲ့ရပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားအတွက် နည်းပြ ဟော့ဟေး ဆမ်ပါအိုလီရဲ့ ရွေးချယ်ခြင်းခံခဲ့ရပေမဲ့ ရိုမဲရိုးဟာ ဒူးဒဏ်ရာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရပါတယ်။ ဥရောပရဲ့ နောက်ဆုံးအသင်းအဖြစ် ဗင်းနစ်မှာ ကစားပြီးတဲ့နောက် ၂၀၂၂ ခုနှစ်မှာ နေရပ်ပြန်ခဲ့ပြီး ဘိုကာဂျူနီယာအသင်း၊ အဲဒီနောက် ပြီးခဲ့တဲ့နှစ်မှာ Argentinos Juniors အသင်းတို့အတွက် ကစားပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ ရိုမဲရိုးက နည်းပြလောကထဲကို ဝင်ရောက်ဖို့ စိတ်ဝင်စားနေတယ်လို့ အရိပ်အမြွက် ပြောကြားထားပါတယ်။