The network connection is lost.

Banner Image

ဗီလာနဲ့ပွဲမှာ ယူနိုက်တက်ရဲ့တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တဲ့ ဖာနန်ဒက်စ်

တနင်္ဂနွေနေ့က အက်စတွန်ဗီလာကို အနိုင်ရတဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က စံချိန်သစ်တစ်ခု တင်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိကြောင်းဖွင့်ဟပြောကြားလာခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဖာနန်ဒက်စ်က အသင်းအတွက် ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးခဲ့တာကြောင့် ဒီရာသီမှာ ဂိုးဖန်တီးမှု ၁၆ ကြိမ်ရှိလာသလို၊ ကလပ်အသင်းအတွက် စုစုပေါင်း ဂိုးဖန်တီးမှု အကြိမ် ၁၀၀ အထိ ရှိလာခဲ့ပါတယ်။ အခုလို ၂ ကြိမ်ဖန်တီးပေးနိုင်ခဲ့တာကြောင့် သူဟာ ၁၉၉၉/၂၀၀၀ ရာသီမှာ ဒေးဗစ်ဘက်ခမ်း တင်ထားခဲ့တဲ့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးစံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

"ဒါဟာ တကယ်ကို ကောင်းမွန်တဲ့အရာပါ" လို့ ဖာနန်ဒက်စ်က MUTV ကို ပြောပါတယ်။ "ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ အောင်မြင်မှုတစ်ခုပါ။ ကျွန်တော်တို့က အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်အကြောင်းကို ပြောနေတာပါ။ အထူးသဖြင့် ဂိုးဧရိယာအတွင်းမှာ အကောင်းဆုံးဖြစ်ခဲ့သူတစ်ယောက်ပေါ့။ ဒါကြောင့် အခုလို စံချိန်ချိုးနိုင်ခဲ့တဲ့အတွက် ကျွန်တော် တကယ်ပဲ ဝမ်းသာမိပါတယ်"

"ဒါဟာ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေကို ပြောင်းလဲပစ်မှာ မဟုတ်ပေမဲ့ လူတိုင်းက ဖြတ်တင်ဘောတွေ၊ ပေးပို့မှုတွေမှာ စံပြအဖြစ် အားကျရတဲ့ နာမည်ကြီးကစားသမားတစ်ယောက်နဲ့ တစ်တန်းတည်းရှိခွင့်ရတာ ဖြစ်ပါတယ်။"

"ငယ်ငယ်က ကိုယ့်အိမ်နောက်ဖေးကွင်းလေးထဲမှာ ဘက်ခမ်းလိုမျိုး လိုက်လုပ်ကြည့်ဖူးကြမှာပါ။ သူကန်သလို လက်မောင်းကို ယမ်းပြီး လိုက်လုပ်ခဲ့ကြတာပေါ့၊ ဘောလုံးကတော့ သူကန်သလို မရောက်ရင်တောင်မှပေါ့။"

"သူ့ရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက် ကျွန်တော် တကယ်ကို ပျော်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

အသင်းအတွက် ပြိုင်ပွဲစုံမှာ ဂိုးဖန်တီးမှု ၁၀၀ ပြည့်မြောက်ခဲ့တာနဲ့ ပတ်သက်ပြီးလည်း "ဒါက ကျွန်တော် အမြဲတမ်း အိပ်မက်မက်ခဲ့တာ ဒါမှမဟုတ် တွေးထားခဲ့တဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပွဲတိုင်းမှာ အသင်းလိုချင်တဲ့ ရလဒ်ရအောင် ကူညီပေးချင်တဲ့စိတ်ပဲ အမြဲရှိပါတယ်" လို့ သူက ဆက်ပြောပါတယ်။

"ဂိုးသွင်းတာနဲ့ ဂိုးဖန်တီးပေးတာက ကျွန်တော့်ကစားဟန်ရဲ့ အစိတ်အပိုင်းကြီးတစ်ခုပါ။ ဒီနေ့မှာ အရာအားလုံး အဆင်ပြေသွားပြီး အသင်းကို အနိုင်ရအောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် အင်မတန် ကျေနပ်မိပါတယ်။ ရာသီကုန်အထိ အသင်းကို ဆက်လက်ကူညီပေးပြီး ရလဒ်တွေ ပိုကောင်းလာအောင် ကြိုးစားသွားချင်ပါတယ်" လို့ ဆိုခဲ့ပါတယ်။