အခြေအနေတွေ ခက်ခဲလာရင် လီဗာပူးကစားသမားတွေ သိပ်မကြိုက်ကြဘူးလို့ ကာရေဂါဝေဖန်
တော့တင်ဟမ်နဲ့တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ တနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းပွဲစဉ်အပြီး လီဗာပူးဂန္ထဝင်ကာရေဂါက အိမ်ရှင်အသင်းကစားသမားတွေကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်မှာ ဆိုဘိုဆလိုင်းရဲ့ဖရီးကစ်သွင်းဂိုးနဲ့ လီဗာပူးတို့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ရစ်ချာလီဆန်ရဲ့ပွဲချိန်မိနစ် ၉၀ ချေပဂိုးကြောင့် အိမ်ကွင်းသရေတစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
Sky Sports နဲ့တွေ့ဆုံချိန် ကာရေဂါက " တကယ်ကို ဆိုးရွားတဲ့ စွမ်းဆောင်ရည်ပါ။ တော့တင်ဟမ်ကို အထင်သေးလို့ ပြောတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ တော့တင်ဟမ်က ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ပရီးမီးယားလိဂ်ရဲ့အညံ့ဆုံးအသင်း ဖြစ်နေခဲ့ပါတယ်။ ကိုယ့်အိမ်ကွင်းမှာ ဒီလိုအသင်းမျိုးနဲ့ကစားရချိန်၊ ပြီးတော့ ဒီသီတင်းပတ်မှာ ရလဒ်ကောင်းအောင် လုပ်နိုင်မယ့် အခွင့်အရေးရှိနေပါလျက်နဲ့ ဒီလိုမျိုး ကစားပြသွားတယ်ဆိုတာကတော့ တကယ်ကို စိတ်ပျက်စရာကောင်းလွန်းပါတယ်။ ဒါပေမဲ့ တစ်ရာသီလုံးလည်း ဒီလိုပဲ ဖြစ်နေတာပါပဲ။"
"အခုလူတိုင်းစဉ်းစားနေကြတဲ့ အဓိကမေးခွန်းကတော့ ဒီလိုကိစ္စတွေဟာ နည်းပြကြောင့်လား၊ ဒါမှမဟုတ် အသင်းရဲ့ကစားသမားစုဖွဲ့မှုကြောင့်လား ဆိုတာပါပဲ။ နည်းပြသစ်တစ်ဦးက ဒီလိုကစားသမားမျိုးတွေကို စိတ်ဓာတ်တွေ ပြန်တက်ကြွလာအောင် လုပ်ပေးနိုင်မလား၊ အသင်းဆီကို အားအင်တွေနဲ့ ပြင်းထန်တဲ့ ကစားဟန်တွေ ပြန်ယူဆောင်လာပေးနိုင်မလားဆိုတာ ကျွန်တော်တော့ သိပ်ပြီးအာမမခံနိုင်ပါဘူး။"
"ကျွန်တော့်အမြင်အရတော့ ဒီပြဿနာက ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေရဲ့ပုံစံတွေနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ ဘောလုံး ခြေထဲရှိချိန်မှသာ ကစားချင်တဲ့ ကစားသမားတွေ အသင်းမှာ များလွန်းနေတယ်။ သူတို့က ရုန်းကန်ရမယ့် အခြေအနေတွေမှာ အားစိုက်ထုတ်ပြီး ခက်ခက်ခဲခဲကစားဖို့ မကြိုးစားကြဘူး။ ဒါကြောင့်လည်း ဒီနေ့ခေတ် လီဗာပူးအသင်းကိုရင်ဆိုင်ရတာ တခြားအသင်းတွေအတွက် အရမ်းလွယ်ကူနေတာပါ။" လို့ ပြောကြားခဲ့ပါတယ်။
ရစ်ချာလီဆန်ရဲ့ချေပဂိုးနဲ့ပတ်သက်ပြီးတော့လည်း ကာရေဂါက "ဒီဂိုးက ဝင်လာမယ်ဆိုတာ သိသာပါတယ်။ ဒုတိယပိုင်းတစ်လျှောက်လုံး လီဗာပူးတို့ သတိလက်လွတ်ကစားနေလို့ ဒီရလဒ်ထွက်လာတာလို့ ကျွန်တော် ပြောခဲ့ပြီးသားပါ။ တော့တင်ဟမ်မှာဆိုရင် ရစ်ချာလီဆန်က အန္တရာယ်အရှိဆုံးကစားသမားဖြစ်နေလို့ သူပဲ ဂိုးသွင်းလိမ့်မယ်လို့ ထင်ထားခဲ့ပါတယ်။ လီဗာပူးကစားသမားတွေက အဝေးဘောကန်တင်ပေးလိုက်တဲ့ဘောလုံးတွေကိုတောင် ဖျက်ထုတ်ဖို့ မကြိုးစားခဲ့ကြဘူး" လို့ ဆိုပါတယ်။
"ရောဘတ်ဆန်က အဝေးဘောကို သေချာမဖျက်ထုတ်ဘူး။ ခုန်လိုက်ပေမဲ့ ဘောလုံးက ကြားထဲမှာပဲ ရှိနေပြီး ဗန်ဒိုက် ဘယ်ကို သွားနေမှန်းတောင် မသိဘူး၊ လျင်လျင်မြန်မြန်တုံ့ပြန်မှုမရှိခဲ့လို့ လီဗာပူးခံစစ်တစ်ခုလုံး ပျက်စီးသွားခဲ့ပါတယ်။ဒါပေမဲ့ တော့တင်ဟမ်ကို ဒီရလဒ်နဲ့မထိုက်တန်ဘူးလို့ ကျွန်တော် မပြောပါဘူး။ သူတို့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ အများစုက ရစ်ချာလီဆန်ဆီ ရောက်ခဲ့ပြီး ဒီအခွင့်အရေးကတော့ သူတို့အတွက် အကောင်းဆုံးပါပဲ။
ဗန်ဒိုက်ကတော့ တော်တော်လေး စိတ်တိုနေပေမဲ့ ဒီလိုဖြစ်လာမယ်ဆိုတာ သိသာနေတာပဲလေ။ ကျွန်တော်ပြောသလိုပါပဲ၊ တော့တင်ဟမ်အတွက် ဒီရလဒ်က မထိုက်တန်ဘူးလို့ ပြောလို့မရပါဘူး" လို့ ပြောကြားသွားခဲ့ပါတယ်။