ရစ်ချာလီဆန်အတွက် တော့တင်ဟမ်အသင်းဖော်တွေ အတိုင်းမသိ ဝမ်းသာနေကြတယ်လို့ စပန့်ခ်ပြောဆို
လီဗာပူးအသင်းနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး တော့တင်ဟမ်နောက်ခံလူစပန့်ခ်က အသင်းတစ်ခုလုံး စိတ်သက်သာရာရသွားပြီလို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ဒီရလဒ်ကြောင့် နည်းပြတူဒေါက တော့တင်ဟမ်အသင်းနည်းပြဘ၀ ပထမဆုံးအမှတ်ကို ရရှိခဲ့သလို တန်းဆင်းဇုန်အထက်တစ်မှတ်အကွာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်အသင်းဆီ ကျရောက်နေတဲ့ ဖိအားတွေလည်း လျော့ကျစေခဲ့ပါတယ်။
ပွဲစဉ်အပြီးမှာတော့ စပန့်ခ်က "ရစ်ချာလီဆန်က တကယ့်ကို အစွမ်းပြနိုင်ခဲ့ပါတယ်။ သူက အခုလိုမျိုးဂိုးတွေကို ဒီဘောလုံးရာသီမှာ ကျွန်တော်တို့အတွက် အများကြီး သွင်းယူပေးထားပါတယ်။ ပွဲစဉ်တော်တော်များများမှာ အသင်းကို ရလဒ်ကောင်းတွေပြန်ရအောင် သူကပဲ ဆွဲတင်ပေးခဲ့တာမို့ သူ့အတွက် ကျွန်တော်တို့ ဝမ်းသာရပါတယ်။ သူက တကယ်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ" လို့ ဆိုပါတယ်။
ဆက်လက်ပြီး စပန့်ခ်က "ပျော်လည်းပျော်သလို စိတ်လည်း အေးသွားပါတယ်။ ဒီရလဒ်က ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ တတ်နိုင်သမျှ အမှတ်တွေအများကြီးစုဆောင်းဖို့ လိုအပ်နေပါတယ်" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။