အာဆင်နယ်လူငယ်ကြယ်ပွင့် ဒိုမန်ကို မက်ဆီနှင့် နှိုင်းယှဉ်လိုက်တဲ့ ချယ်လ်ဆီးဂန္ထဝင် ဂျွန်တယ်ရီ
ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်နောက်ခံလူကြီး ဂျွန်တယ်ရီကတော့ အာဆင်နယ်လူငယ်ကစားသမားလေး မက်ဇ်ဒိုမန်ရဲ့ ခြေစွမ်းအပေါ် အတော့်ကို သဘောကျမိနေကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ အသက် ၁၆ နှစ်အရွယ်သာ ရှိသေးတဲ့ မက်ဇ်ဒိုမန်ဟာ ပြီးခဲ့တဲ့ စနေနေ့က အဲဗာတန်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဂျွန်တယ်ရီက သူ့ရဲ့ TikTok လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် "မက်ဇ်ဒိုမန်က ဘယ်လိုကစားသမားမျိုးလဲဆိုတာ ကြည့်လိုက်ပါဦး၊ တကယ်ကို ကောင်းလွန်းပါတယ်။ အသက် ၁၆ နှစ်၊ ၁၇ နှစ်ထဲ ရောက်တော့မယ့် ဒီကောင်လေးရဲ့ ခြေစွမ်းကတော့ အံ့ဩစရာပါပဲ" လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် "လွန်ခဲ့တဲ့ တစ်နှစ်လောက်က သူ ချဲလ်ဆီးနဲ့ ကစားခဲ့တာကို ကျွန်တော် ကြည့်ခဲ့ဖူးပါတယ်။ ပြိုင်ဘက်ကစားသမားတွေကို လှပစွာကျော်ဖြတ်သွားတဲ့နေရာမှာ လီယွန်နယ်မက်ဆီကလွဲရင် ဒီကောင်လေးလိုမျိုး ကောင်းကောင်းကျော်နိုင်တဲ့သူကို ကျွန်တော် မတွေ့ဖူးသေးပါဘူး" လို့လည်း ၎င်းက ဆိုပါတယ်။
"မက်ဆီနဲ့ နှိုင်းယှဉ်တယ်ဆိုတာကတော့ အလွန်ကြီးမားတဲ့ နှိုင်းယှဉ်မှုတစ်ခု ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒီကောင်လေးကတော့ တကယ့်ပါရမီရှင်စစ်စစ်တစ်ယောက်ဖြစ်ပြီး အာဆင်နယ်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ အနာဂတ်မှာ အရေးပါတဲ့သူ ဖြစ်လာပါလိမ့်မယ်။ သူဟာ ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်သလို ဒါဟာ အာဆင်နယ်အတွက်လည်း ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါပဲ" လို့ ဂျွန်တယ်ရီက ဆက်လက်ပြောကြားခဲ့ပါတယ်။