ဇာဗီက ဘာစီလိုနာမှာ အရာအားလုံးကိုဖျက်ဆီးခဲ့တယ်လို့ ဝေဖန်ပြောကြားလိုက်တဲ့ ဘရာအူ
ဘာစီလိုနာအသင်းရဲ့ ကြံ့ခိုင်ရေးနည်းပြဟောင်းဖြစ်သူ ဟွမ်ဂျူ ဘရာအူက ဇာဗီကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်တာပါ။ ဘရာအူဟာ ဘာစီလိုနာမှာ ရှိစဉ်တုန်းက အသင်းခေါင်းဆောင်ဟောင်း လီယွန်နယ်မက်ဆီနဲ့ အလွန်ရင်းနှီးခဲ့သူဖြစ်ပြီး၊ အသင်းဥက္ကဋ္ဌ လာပေါ်တာအပေါ် ဇာဗီရဲ့ ပြောကြားချက်တွေနဲ့ ဝေဖန်မှုတွေကို သဘောမတူ လက်မခံနိုင်ဖြစ်နေတာပါ။
၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာ မက်ဆီဟာ PSG အသင်းကနေ ဘာစီလိုနာကို ပြန်လာဖို့ အဆင်သင့်ဖြစ်နေခဲ့ပေမဲ့ ဥက္ကဋ္ဌ လာပေါ်တာက ဒါကို တားဆီးခဲ့တာဖြစ်တယ်လို့ နည်းပြဟောင်းက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
ABC သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ဘရာအူက ဘာစီလိုနာဂန္ထဝင် ဇာဗီကို အခုလိုပဲ ထပ်မံဝေဖန်လိုက်ပါတယ်။ "ဇာဗီ ခေါ်ယူချင်တဲ့သူတွေနဲ့ ကျွန်တော်တို့က အဆင်မပြေခဲ့ပါဘူး။ သူ့ရဲ့ အလုပ်လုပ်ပုံကိုလည်း ကျွန်တော်တို့ သဘောမတူခဲ့ဘူး၊ အဲဒါရဲ့ သက်သေကတော့ သူ ယူဆောင်လာခဲ့တဲ့ အရာတွေထဲက အခု ဘာတစ်ခုမှ မကျန်တော့တာပါပဲ" လို့ ဆိုပါတယ်။
"ကိုယ့်စိတ်အလိုကျ အသင်းရဲ့ ဖွဲ့စည်းပုံတွေကို ဖျက်ဆီးပစ်လို့ မရပါဘူး။ ငွေကြေးတွေ အများကြီး ရင်းနှီးမြှုပ်နှံခဲ့ပေမဲ့ နောက်ပိုင်း ဖြစ်လာတာတွေက ဘာမှ ထူးပြီး ကောင်းမလာခဲ့ပါဘူး။ ဘာတစ်ခုမှ မကျန်တော့သလို အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တဲ့သူကိုယ်တိုင်က အခုလို ဖျက်ဆီးပစ်ခဲ့တာကို မြင်ရတော့ ကျွန်တော် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်" လို့ သူက ဆက်ပြောပါတယ်။
ဘရာအူဟာ အသင်းရဲ့ ကာယကုထုံးဌာန ကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ဇာဗီ နည်းပြဖြစ်လာပြီးနောက် အသင်းကနေ ထွက်ခွာခဲ့သူ ဖြစ်ပါတယ်။
မက်ဆီနဲ့ လာမင်းယာမလ်တို့ကို နှိုင်းယှဉ်ဖို့ မေးမြန်းရာမှာတော့ ဘရာအူက "လီယိုမှာ အားသာချက် အများကြီး ရှိခဲ့ပါတယ်။ သူ့ကို အပြည့်အဝ ကာကွယ်ပေးမယ့်သူတွေ၊ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တွေ ရှိခဲ့တယ်။ ရော်နယ်ဒင်ညိုက သူ့ကို ကာကွယ်ပေးခဲ့သလို အွန်နရီ၊ အီတူးတို့လို ကစားသမားကောင်းတွေလည်း ရှိခဲ့ပါတယ်။ သူ့ဘေးနားမှာ ဒိုင်းလွှားတစ်ခုလို ကာကွယ်ပေးမယ့်သူတွေ ရှိခဲ့တာပါ" လို့ ဖြေကြားခဲ့ပါတယ်။
"အခုအချိန်မှာတော့ လာမင်းအတွက် အဲဒီလိုလူမျိုး မရှိပါဘူး။ လီယို ဘယ်အချိန်မှာ ပုံမှန်ပွဲထွက်ခွင့် စရခဲ့သလဲဆိုတာ ကြည့်ပါ။ အဲဒီလို စနစ်တကျ ပြုစုပျိုးထောင်ခဲ့လို့လည်း အခု အသက် ၃၈ နှစ်အထိ အကောင်းဆုံး ကစားနိုင်နေတာပါ" လို့ ပြောကြားသွားခဲ့ပါတယ်။