ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် ဂျွန်မက်ဂင်းပြန်ပါဝင်လာလို့ အက်စတွန်ဗီလာအတွက် အားတက်စရာဖြစ်လာ
ဒဏ်ရာမှပြန်သက်လာတဲ့ အက်စတွန်ဗီလာအသင်းခေါင်းဆောင်ဂျွန်မက်ဂင်းက ဒီည၊ လိုင်လီနဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားဖွယ် ရှိပါတယ်။
အသက် ၃၁ နှစ်အရွယ်ကစားသမားက ဇန်နဝါရီလအတွင်း အဲဗာတန်ကိုရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဒူးဒဏ်ရာရရှိပြီးနောက် အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိပါဘူး။
မက်ဂင်းန်မပါဝင်နိုင်တဲ့ နောက်ဆုံး ၁၀ ပွဲမှာ အက်စတွန်ဗီလာက လေးပွဲသာ အနိုင်ရရှိပြီး ပရီးမီးယားလိဂ်နောက်ဆုံးခုနစ်ပွဲမှာလည်း ၈ မှတ်သာ စုဆောင်းနိုင်ခဲ့ပါတယ်။
လိုင်လီနဲ့ပွဲစဉ်မတိုင်ခင် နည်းပြအူနိုင်းအမ်မရီက အသင်းလူစာရင်းထဲမှာ မက်ဂင်း ပြန်ပါဝင်လာပြီလို့ အတည်ပြုခဲ့ပါတယ်။
" မက်ဂင်းလည်း အသင်းနဲ့အတူ ရှိနေပါပြီ။ ဒါက အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ကစားသမားတိုင်းကတော့ အရေးပါတာပါပဲ။ သူက အသင်းခေါင်းဆောင်ဖြစ်နေလို့ အသင်းအတွက် ပိုပြီးအားတက်စေသလို အခုလို သူပြန်လာနိုင်လို့ ကျွန်တော်တို့ ဝမ်းသာမိပါတယ်။ သူ့ရဲ့ ကစားဟန်အမြန်ဆုံးပြန်ရလာအောင် ကြိုးစားသွားပါမယ်။ ကြာသပတေးနေ့ပွဲစဉ်အတွက် လူစာရင်းမှာ သူရှိနေပြီး ပွဲထွက်ပဲဖြစ်ဖြစ်၊ လူစားဝင်ပဲဖြစ်ဖြစ် ပါဝင်ကစားနိုင်ပါတယ်" လို့ အမ်မရီက ဆိုပါတယ်။