The network connection is lost.

Banner Image

ပီအက်စ်ဂျီက ယာမယ်လ်ကို ကမ်းလှမ်းထားကြောင်း လာပေါ်တာ အတည်ပြု

ဘာစီလိုနာဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာက လာမိုင်းယာမယ်လ်အတွက် ပီအက်စ်ဂျီအသင်းဆီကနေ ရရှိခဲ့တဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ နောက်တစ်ကြိမ် ထပ်မံအတည်ပြု ပြောကြားလိုက်ပါတယ်။ အခုအသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လာမိုင်းယာမယ်လ်ဟာ နည်းပြဟောင်းဇာဗီရဲ့ ပထမအသင်းကြီးမှာ စတင်ခြေစွမ်းပြနေတဲ့ အချိန်တုန်းက ပီအက်စ်ဂျီဆီကနေ အဲဒီကမ်းလှမ်းမှု ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ Cadena SER နဲ့ အင်တာဗျူးမှာ ဂျိုအန်လာပေါ်တာက "ကျွန်တော်တို့ လာမိုင်းယာမယ်လ်အတွက် ယူရို သန်း ၂၅၀ တန်ကြေးရှိတဲ့ တရားဝင်ကမ်းလှမ်းမှုကို သူ့ရဲ့အေးဂျင့်ကတစ်ဆင့် ရရှိခဲ့ပါတယ်၊ ပီအက်စ်ဂျီ တာဝန်ရှိသူတွေကလည်း ဒီကမ်းလှမ်းမှုအပေါ် အတည်ပြုပေးခဲ့ပါတယ်။ သူတို့တွေက ကျွန်တော်တို့ဆီကို ကိုယ်တိုင်လာရောက်ပြီး မျက်နှာချင်းဆိုင် ရှင်းပြခဲ့ကြတာပါ၊ ဒါပေမဲ့ ဘာစီလိုနာအသင်း အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတဲ့ အချိန်ဖြစ်နေပေမဲ့လည်း ကျွန်တော်တို့ကတော့ ငြင်းပယ်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးရဲ့ စာချုပ်သက်တမ်းဟာ ဒီရာသီမှာ ကုန်ဆုံးတော့မှာဖြစ်လို့ သူ့ရဲ့စာချုပ်သစ် ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဂျိုအန်လာပေါ်တာက အခုလို ဆိုပါတယ်။ "ပထမအချက်ကတော့ သူဟာ အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ဂိုးတွေလည်း အမြဲသွင်းယူနိုင်သလို ကွင်းထဲဝင်လာတိုင်းလည်း အမြဲတမ်း တက်ကြွနေတတ်လို့ပါ။ နောက်ထပ် ရှင်းလင်းတဲ့အချက်တစ်ခုကတော့ သူသာ အသင်းမှာ ဆက်နေချင်တယ်ဆိုရင် ကျွန်တော့်အနေနဲ့ ထူးချွန်တဲ့ ကစားသမားတွေကို ကျေးဇူးတင်တဲ့အနေနဲ့ စာချုပ်သက်တမ်း တစ်နှစ် ထပ်တိုးပေးလေ့ရှိပါတယ်"။

"ကျွန်တော် လီဝန်ဒေါစကီးကို အရမ်းကျေးဇူးတင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဘာစီလိုနာကို လာဖို့ဆိုတာ မလွယ်ကူခဲ့လို့ပါ။ သူက 'ကျွန်တော့်ရဲ့ အရည်အချင်းနဲ့ ဘိုင်ယန်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအရ ကျွန်တော် အမြဲတမ်း ကစားချင်ခဲ့တဲ့ ဘာစီလိုနာမှာ အခု ကစားချင်ပြီ၊ ဒါကြောင့် ကျွန်တော့်ကို သွားခွင့်ပြုပါ' လို့ ပြောခဲ့ပါတယ်။ သူဟာ ဘာစီလိုနာကို လာနိုင်ဖို့အတွက် အများကြီး စွန့်လွှတ်ခဲ့ရတာပါ၊ အဲဒါကြောင့်လည်း သူ့ကို ကျွန်တော် အလွန်ကျေးဇူးတင်ရခြင်း ဖြစ်ပါတယ်" လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။