The network connection is lost.

Banner Image

အာဆင်နယ်ရဲ့အလွတ်တည်ကန်ဘောနည်းဗျူဟာပိုင်းကို လေဗာကူဆင်နည်းပြဟုဂျ်မန်းဝေဖန်

လေဗာကူဆင်နည်းပြကက်စပါဟုဂျ်မန်းဟာ ဗုဒ္ဓဟူးနေ့၊ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မတိုင်ခင် ပြိုင်ဘက်အာဆင်နယ်အသင်းရဲ့ တည်ကန်ဘောနည်းဗျူဟာပိုင်းကို စည်းမျဉ်းဥပဒေနဲ့ ညီညွတ်မှုရှိသလားဆိုပြီး မေးခွန်းထုတ်လိုက်ပါတယ်။

အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဟုဂျ်မန်းက နောက်ပိုင်းပွဲစဉ်တွေမှာ အလွတ်တည်ကန်ဘောတွေရဲ့အခန်းကဏ္ဍ ပိုအရေးပါလာလို့ ပြိုင်ဘက်ကစားသမားတွေအပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်သင့်ပါသလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

"ဒါက တကယ့်ကို စိန်ခေါ်မှုတစ်ခုပါပဲ။ ဒါပေမဲ့ ဒီလိုတိုက်စစ်ဆင်တဲ့အခါမှာ လူကပ်ပိတ်ဆို့တာမျိုးတွေကို ကျွန်တော် နည်းနည်းတော့ဇဝေဇဝါဖြစ်မိပါတယ်။ ဘောလုံးက လူနဲ့ အရမ်းဝေးနေတဲ့အချိန်မျိုးမှာတောင် ဒီလိုမျိုး ပိတ်ဆို့တာကို စည်းမျဉ်းအရ ခွင့်ပြုထားသလားဆိုတာ ကျွန်တော် မသိပါဘူး" လို့ ဟုဂျ်မန်းက သတင်းထောက်တွေကို ပြောပါတယ်။

လက်ရှိမှာ အာတီတာရဲ့အသင်းက ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နိုင်ဖို့ တည်ကန်ဘောတွေရဲ့အခန်းကဏ္ဍမှာလည်း အရေးကြီးတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေပါတယ်။အာဆင်နယ်က ချဲလ်ဆီးကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ အလွတ်တည်ကန်ဘောမှတဆင့်သွင်းယူခဲ့တဲ့ နှစ်ဂိုးအပါအဝင် အခုဘောလုံးရာသီ၊ ထောင့်ကန်ဘောမှတဆင့် စုစုပေါင်း ၁၆ ဂိုးအထိ သွင်းယူထားနိုင်လို့ ပရီးမီးယားလိဂ်ရဲ့တစ်ရာသီအတွင်း ထောင့်ကန်ဘောမှတဆင့် ဂိုးအများဆုံးသွင်းယူနိုင်တဲ့စံချိန်ကို လိုက်မီသွားပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း အာဆင်နယ်က အုပ်စုပွဲစဉ်ရှစ်ပွဲလုံးကို အနိုင်ရရှိပြီး လိဂ်ပုံစံအုပ်စုအမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီလိုနည်းဗျူဟာနဲ့ပတ်သက်လို့ ဟုဂျ်မန်းက "ဒါကို ကျွန်တော်တို့လည်း လုပ်တာပါပဲ၊ တခြားသူတွေပဲ လုပ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘောလုံးလောကမှာ ဒါက ပိုပြီးတော့ အသုံးများလာပါတယ်" လို့ ဆိုပါတယ်။ "အာဆင်နယ်က ပိတ်ဆို့မှုတွေ အများကြီးလုပ်လေ့ရှိပြီး အဲဒီမှတဆင့် အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ပါတယ်။ သူတို့က ဒီလိုအခြေအနေတွေကို အရမ်းကျွမ်းကျင်ပြီး အချိန်အများကြီးပေး လေ့ကျင့်ထားပါတယ်။ သူတို့က အခုလိုအခြေအနေတွေမှာ အကောင်းဆုံးအသင်းတွေအနက် အသင်းတစ်ခုအဖြစ် ပါဝင်နေပါတယ်" လို့လည်း သူက ဆက်ပြောပါတယ်။

ဒီဒိန်းမတ်လူမျိုးနည်းပြက ပိတ်ဆို့မှုတွေကို ဘောလုံးနဲ့နီးစပ်တဲ့နေရာမှာပဲ ခွင့်ပြုထားတယ်လို့ ထင်မြင်ယူဆမိကြောင်း ပြောပါတယ်။ "ဘောလုံးစည်းမျဉ်းကို ကျွန်တော် နားလည်ထားတာကတော့ လူချင်းတိုးတာ၊ ပိတ်ဆို့တာတွေကို ဘောလုံးက ကစားကွက်အတွင်းမှာရှိနေတဲ့ အချိန်မှာပဲ လုပ်ရပါမယ်။ ဒါကြောင့် ဘောလုံးက ကိုယ့်အနားမှာမရှိဘဲနဲ့ တကယ်ပဲ ပိတ်ဆို့လို့ ရသလားဆိုတာ ကျွန်တော် သိချင်မိပါတယ်။ နေရာလွတ်တွေ ဖန်တီးတာ၊ ကစားသမားတွေကို တွန်းတာ၊ ဂိုးသမားကို တွန်းတာမျိုးတွေကိုလေ"

ဟူးလ်မန်းဟာ အာဆင်နယ်ရဲ့ နည်းဗျူဟာပိုင်းဝေဖန်တဲ့ နောက်ဆုံးဘောလုံးလောကသားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ဘရိုက်တန်နည်းပြဟာဇလာက အာဆင်နယ်ရဲ့အချိန်ဖြုန်းတဲ့နည်းဗျူဟာကို ဝေဖန်ခဲ့ပြီး ချဲလ်ဆီးတိုက်စစ်မှူးဟောင်းခရစ်ဆက်တန်ကလည်း အာဆင်နယ်ကို ချဲလ်ဆီးနဲ့ပွဲစဉ်အနိုင်ရရှိမှုအပြီး သမိုင်းတစ်လျှောက် ရုပ်အဆိုးဆုံးပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာမလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ အာဆင်နယ်အသင်းကတော့ ဒီဝေဖန်မှုတွေကို အပြုသဘောပဲ တုံ့ပြန်ခဲ့ပြီး ပရိသတ်တွေကပင် "တည်ကန်ဘောမှတဆင့် ဂိုးပြန်ရပြန်ပြီ (set-piece again, ole, ole)" လို့ သီဆိုအားပေးခဲ့ကြပါတယ်။ ဘရိုက်တန်နဲ့ပွဲစဉ်မတိုင်ခင်မှာလည်း အာတီတာက "တည်ကန်ဘောတွေမှတဆင့် အခုထက်ပိုပြီး ဂိုးမသွင်းနိုင်တဲ့အချက်ကို ကျွန်တော် စိတ်ပျက်မိတယ်" လို့ သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။