ဖူးခရူးတစ်ယောက် အေစီမီလန်အတွက် ဂိုးတွေသွင်းယူနိုင်လိမ့်မယ်လို့ ဘီယာဟော့ဖ် ယုံကြည်
အိုလီဗာ ဘီယာဟော့ဖ်က သူရဲ့ကလပ်ဟောင်း အေစီမီလန်အသင်းရဲ့ ဒီရာသီခြေစွမ်းကို အနီးကပ်စောင့်ကြည့်ဖြစ်နေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ဂျာမနီနဲ့ မီလန်တိုက်စစ်မှူးဟောင်းဟာ သူ့ရဲ့လူမျိုးစုတူ ဂျာမန်သား နိကလက်စ် ဖူးခရူးက အေစီမီလန် တိုက်စစ်ကို ဦးဆောင်နေတာကို မြင်တွေ့ရတဲ့အတွက် ဝမ်းသာပီတိဖြစ်နေတာပါ။
ဝက်စ်ဟမ်းအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူးနဲ့ ပတ်သက်ပြီး ဘီယာဟော့ဖ်က "ပူလီဆစ်နဲ့ လီယာအိုတို့ဆီက ဂိုးတွေကို မြင်တွေ့ရမှာဖြစ်သလို ကျွန်တော့်ရဲ့ ဂျာမန်အမျိုးသား ဖူးခရူးလည်း ဂိုးတွေသွင်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူက လူကောင်းတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အရည်အချင်းတွေက အသင်းအတွက် အသုံးဝင်လာမှာပါ" လို့ ဆိုပါတယ်။
လူကာ မိုဒရစ်ရဲ့ သက်ရောက်မှုနဲ့ ပတ်သက်ပြီးတော့လည်း ဘီယာဟော့ဖ်က "မီလန်နဲ့ အီတလီဘောလုံးလောက ကောင်းကျိုးအတွက် သူ အသင်းမှာ ဆက်ရှိနေသင့်ပါတယ်။ မိုဒရစ်လိုမျိုး ကစားသမားက တခြားမှာ မရှိတော့လို့ပါ" လို့ ဆက်ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အင်တာမီလန်ကို အနိုင်ရရှိခဲ့တဲ့ မီလန်ဟာ လက်ရှိမှာ စီးရီးအေ ဇယားထိပ်က အသင်းနဲ့ ၇ မှတ်အကွာမှာ ရှိနေပါတယ်။
ဘီယာဟော့ဖ်က "ကျွန်တော် ယုံကြည်သလားဆိုတော့... ယုံကြည်ပါတယ်။ ဒါဘီပွဲစဉ်မှာ မြင်တွေ့ခဲ့ရတာက စိတ်အားထက်သန်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အသင်းတစ်သင်းကို မြင်တွေ့ခဲ့ရတာပါ။ ပထမပိုင်းမှာ အသင်းက တကယ်ကို ကောင်းမွန်တဲ့ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
"ဒုတိယပိုင်းမှာ အသင်းက နောက်ကို နည်းနည်းပြန်ဆုတ်သွားသလို ဖြစ်ခဲ့ပေမဲ့ အကောင်းဆုံး ထိန်းထားနိုင်ခဲ့ပါတယ်။ အင်တာမီလန်က သူတို့ထက် အသာရနေတာတောင်မှ အသင်းရဲ့ စနစ်ကျတဲ့ စုဖွဲ့မှုနဲ့ ခံစစ်မှာ တိုက်ပွဲဝင်လိုတဲ့ စိတ်ဓာတ်ရှိတာကို ဒါက ရှင်းရှင်းလင်းလင်း ပြသနေတာပါ" လို့ သူက ဆိုပါတယ်။