မီလန်ဒါဘီပွဲစဉ်မှာ အင်တာမီလန် ဘာကြောင့် ရှုံးနိမ့်ခဲ့ရသလဲဆိုတာ ရှင်းပြလာတဲ့ အကန်ဂျီ
အင်တာမီလန်အသင်းရဲ့ နောက်ခံလူ မာနူရယ် အကန်ဂျီက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက အေစီမီလန်ကို ရှုံးနိမ့်ခဲ့တဲ့ ဒါဘီပွဲစဉ်အပြီးမှာ အသင်းအနေနဲ့ စိတ်အေးအေးထားကြဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
အေစီမီလန်အသင်းဟာ ပါးဗစ် အက်စတူပီနန်ရဲ့ သွင်းဂိုးနဲ့အတူ ၁-၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် စီးရီးအေဇယားကို ဦးဆောင်နေတဲ့ အင်တာမီလန်နဲ့ ရမှတ် ၇ မှတ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။
ပွဲအပြီးမှာတော့ အကန်ဂျီက "မီလန်အသင်းက ကျွန်တော်တို့ ခန့်မှန်းထားတဲ့အတိုင်းပဲ ကစားသွားခဲ့တာပါ။ ဒါပေမဲ့ ပထမပိုင်းမှာ ကျွန်တော်တို့ဘက်က အမှားတွေ အများကြီး လုပ်ခဲ့မိသလို သူတို့ကို အခွင့်အရေးတွေလည်း အများကြီး ပေးခဲ့မိပါတယ်" လို့ ပြောပါတယ်။
"ဒီရာသီ ဒါဘီနှစ်ပွဲစလုံးက လုံးဝကို ကွဲပြားခြားနားပါတယ်။ ပထမအကျော့မှာ ကျွန်တော်တို့က ပွဲကို အသာစီးကစားနိုင်ခဲ့ပြီး သူတို့က ရရှိတဲ့ တစ်ကြိမ်တည်းသော အခွင့်အရေးကနေ ဂိုးသွင်းသွားခဲ့တာပါ။ အခုတစ်ခေါက်မှာတော့ ကျွန်တော်တို့ဘက်က အမှားတွေ အရမ်းများခဲ့သလို လုံလောက်တဲ့ တိုက်စစ်ဆင်မှု လည်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရတာပါ"
"ဒါဘီပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် ဘယ်သူမှ မပျော်နိုင်ကြပါဘူး။ ဒါပေမဲ့ အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့က မီလန်ထက် ၇ မှတ် ပိုသာနေသေးတာပါပဲ" လို့ ၎င်းက ဆိုပါတယ်။