စတုဂတ်ကွင်းလယ်လူ ချီမာကို ယူနိုက်တက် စောင့်ကြည့်နေ
မန်ချက်စတာယူနိုက်တက်အသင်းဟာ စတုဂတ်အသင်းရဲ့ ကွင်းလယ်လူ ချီမာအန်ဒရက်စ်ကို စောင့်ကြည့်လေ့လာနေပါတယ်။ အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားလေးဟာ ပြီးခဲ့တဲ့နွေရာသီကမှ စတုဂတ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဘွန်ဒက်လီဂါမှာ ပထမဆုံးရာသီမှာတင် အထင်ကြီးစရာကောင်းတဲ့ ခြေစွမ်းတွေကို ပြသနေတာပါ။
တကယ်တော့ ချီမာရဲ့ ခြေစွမ်းပြနိုင်မှုဟာ သိသိသာသာကို ကောင်းမွန်လွန်းတာကြောင့် ဂျာမနီမှာဆိုရင် သူ့ကို မန်စီးတီးအသင်းရဲ့ ဘလွန်းဒီအောဆုရှင် ရိုဒရီနဲ့တောင် ခိုင်းနှိုင်းနေကြပါတယ်။ The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ လာမယ့်ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးပြီး အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာတော့မယ့် ကတ်စီမီရိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ယူနိုက်တက်က ချီမာကို အလားအလာရှိတဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားတာပါ။
ဒါပေမဲ့ ထူးခြားတဲ့အချက်ကတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ချီမာရဲ့စာချုပ်ထဲမှာ ပေါင် ၁၀ သန်းနဲ့ ပြန်လည်ဝယ်ယူခွင့် တစ်ခု ထည့်သွင်းထားတာပဲ ဖြစ်ပါတယ်။ ချီမာဟာ လက်ရှိမှာ စတုဂတ်ကွင်းလယ်မှာ အိန်ဂျလို စတေလာနဲ့အတူ တွဲဖက်ကစားနေတာဖြစ်ပြီး စတေလာကတော့ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။